သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone အသစ် ၂ မျိုးထွက်ပြီ


အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Apple ကနေပြီးတော့ iPhone လက်ကိုင်ဖုန်း အမျိုးအစား အသစ် ၂ မျိုးကို အင်္ဂါနေ့က ဈေးကွက်မှာ စတင်ရောင်းချလိုက်ပြီးတော့ အရမ်းယှဉ်ပြိုင်ရတဲ့ ဒီ Smartphones နောက်ဆုံးပေါ် နည်းပညာမြင့် လက်ကိုင်ဖုန်းဈေးကွက်မှာ များများ လွှမ်းမိုးထားနိုင်ဖို့အတွက် လုပ်ဆောင်လိုက်ပါတယ်။

ဖုန်းအမျိုးအစားသစ် နှစ်မျိုးထဲက iPhone 5 C ကို အစိမ်း၊ အပြာ၊ အဝါ၊ ပန်းရောင်နဲ့ အဖြူ ဒီလိုမျိုး အရောင် ၅ မျိုးနဲ့ ရောင်းချမှာဖြစ်တယ်လို့ Apple က အင်္ဂါနေ့ကပဲ ပြောပါတယ်။

Cellphone Contract နှစ်နှစ် စာချုပ်ချုပ်တဲ့သူတွေကို ဖုန်းတလုံး ၉၉ ဒေါ်လာနဲ့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။ အဲ့ဒီဖုန်းကို ရောင်းချခြင်းအားဖြင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေလောက် ဝင်ငွေအားမကောင်းတဲ့ တရုတ်နဲ့ တခြားနိုင်ငံတွေမှာ သူတို့ဖုန်း ရောင်းအား မြင့်တက်လာဖို့ Apple က မျှော်လင့်ထားတာပါ။

Apple က ပိုပြီးတော့ ဈေးကြီးတဲ့ iPhone 5 S ဖုန်းကိုလည်း ရောင်းချလိုက်ပါတယ်။ အဲ့ဒီ iPhone 5 S ကတော့ သူတို့ တီထွင်ဖန်တီးခဲ့သမျှထဲမှာ ရှေ့အနာဂတ်ကို ရှုအမျှော်ဆုံးဖုန်းဖြစ်တယ်လို့ Apple က ပြောပါတယ်။

အဲ့ဒီဖုန်းရဲ့ ကွန်ပြူတာစွမ်းရည်က မြင့်မားပြီးတော့ ၂၀၀၇ ခုနှစ်မှာ စတင်ရောင်းချခဲ့တဲ့ မူရင်း iPhone နဲ့ယှဉ်ရင် ၅ ဆ ပိုမြန်တယ်လို့ ဆိုပါတယ်။ iPhone 5 S မှာ ဘက္ထရီအသုံးခံတဲ့ သက်တမ်းကလည်း ပိုကြာမှာဖြစ်ပြီးတော့ ဘက္ထရီအား ထပ်သွင်းစရာ မလိုဘဲနဲ့ ၁၀ နာရီကြာ စကားပြောလို့ရမယ်။ ဈေးကတော့ ဖုန်းရဲ့ မှတ်ဉာဏ်ပမာဏနဲ့လိုက်ပြီးတော့ ၁၉၉ ဒေါ်လာကနေ ၃၉၉ ဒေါ်လာအထိ ရှိမှာပါ။

Google ကုမ္ပဏီကထုတ်တဲ့ Android Cellphone တွေက လောလောဆယ် Smartphones ဈေးကွက်မှာ လွှမ်းမိုးထားပြီးတော့ လက်ကိုင်ဖုန်းဈေးကွက်တခုလုံးရဲ့ လေးပုံ ၃ ပုံကို ယူထားပါတယ်။ Apple က ဒီနှစ်မှာတော့ ဈေးကွက်နေရာ ၁၈ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ တချို့အကဲခတ်တွေက ခန့်မှန်းပါတယ်။
XS
SM
MD
LG