သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yemen ဝေဟင်ကို အာရပ်မဟာမိတ်တွေ ထိန်းချုပ်


ဆော်ဒီအာရေးဘီးယားနိုင်ငံ ဦးဆောင်တဲ့ အာရပ်ဘ်ညွန့်ပေါင်းအဖွဲ့ရဲ့ စစ်လေယာဉ်တွေက ယီမင်နိုင်ငံတောင်ပိုင်းကို သုံးရက်မြောက် ဆက်တိုက် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပါတယ်။ နိုင်ငံတကာသံတမန်တွေနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေလည်း Aden မြို့တော် ကနေ ထွက်သွားကြပါပြီ။ နိုင်ငံတောင်ပိုင်းက အဓိကကျတဲ့ Aden မြို့ဟာ ဆာနားမြို့တော်မှာရှိတဲ့ အစိုးရနဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်နေတဲ့နေရာပါ။

Aden နဲ့ ဆာနားမြို့တွေနားက ဟူသီတွေရဲ့ မြေပြင်ကနေဝေဟင်ပစ် ဒုံးကျည် အားလုံးနီးပါးကို ဖျက်ဆီးလိုက်ပြီဖြစ်တာကြောင့် အခုဆိုရင် ယီမင်ဝေဟင်ကို အပြည့်အဝ ထိန်းချုပ်ထားပြီလို့ အာရပ်ဘ်ညွန့်ပေါင်းအဖွဲ့ကပြောပါတယ်။ အာရပ်ဘ်တွေက လေကြောင်းတိုက်ခိုက်မှုတွေကို ကြာသပတေးနေ့ကတည်းက စလုပ်ခဲ့တာပါ။ ဒါပေမဲ့လည်း Aden မြို့ကလာတဲ့ သတင်းတွေမှာ တော့ အခြေအနေက ဘယ်လောက်တောင် ရုတ်ရုတ်သဲသဲဖြစ်နေသလဲဆိုတာ ပြနေပါတယ်။ အစိုးရရုံးဌာနတွေကို လုသူတွေက လု၊ ယီမင်အစိုးရတပ်တချို့ သူပုန်ဘက် ကူးတာကူးနဲ့ ဖြစ်နေပါတယ်။

Aden မြို့က ရှီးယားတပ်ဖွဲ့တွေ သိမ်းထားတဲ့ စစ်စခန်းတခုမှာ ပေါက်ကွဲတာကြောင့် လူအများအပြား သေဆုံးသွားတယ်လို့ ယီမင် စစ်ဘက်တာဝန် ရှိသူတွေက ပြောပါတယ်။ ကြာသပတေးနေ့ကတည်းကဆိုရင် Aden မြို့တွင်းမြို့ပြင်တဝိုက်မှာ လေူ ၆ဝ ကျော် သေဆုံးခဲ့ပြီး ၂ဝဝ ကျော် ဒဏ်ရာရ ထားတယ်လို့ ပြင်သစ်သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

XS
SM
MD
LG