သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ဆော်ဒီမှာ နိုင်ငံတကာသံတမန်တွေ ဆွေးနွေး


ဆီးရီးယားအရေး ဆွေးနွေးရန်အတွက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan ရဲ့ ဖိတ်ကြားချက်နဲ့ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ထိပ်တန်းသံတမန်များ ဆော်ဒီနိုင်ငံ Riyadh မြို့တော်မှာ တွေ့ဆုံ (Photo by Fayez NURELDINE / AFP)
ဆီးရီးယားအရေး ဆွေးနွေးရန်အတွက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan ရဲ့ ဖိတ်ကြားချက်နဲ့ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ထိပ်တန်းသံတမန်များ ဆော်ဒီနိုင်ငံ Riyadh မြို့တော်မှာ တွေ့ဆုံ (Photo by Fayez NURELDINE / AFP)

ဆီးရီးယားအရေး ဆွေးနွေးဖို့ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပက ထိပ်တန်းသံတမန်တွေ ဒီကနေ့ပဲ ဆော်ဒီနိုင်ငံ Riyadh မြို့တော်ကို ရောက်လာကြပါတယ်။ သမ္မတ Bashar al-Assad အစိုးရကို အစ္စလာမ်ဝါဒီ သူပုန်တွေ ဖယ်ရှားလိုက်ပြီးနောက် ဆီးရီးယားနိုင်ငံမှာ သြဇာလွှမ်းမိုးနိုင်ဖို့ အရှေ့အလယ်ပိုင်းဒေသမှာ စီးပွားရေးအင်အားကြီး ဆော်ဒီနိုင်ငံက ကြိုးပမ်းနေတယ်လို့လည်း အကဲခတ်တွေ ခန့်မှန်းနေကြတာပါ။

ဆွေးနွေးပွဲမှာ အာရပ်နိုင်ငံတွေက တာဝန်ရှိသူတွေအပြင် တူရကီ၊ ပြင်သစ်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေပါ ပါဝင်ဆွေးနွေးမယ်လို့လည်း ဆော်ဒီတာဝန်ရှိသူ တယောက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

သမ္မတအာဆတ် အစိုးရကို ဖယ်ရှားခဲ့တဲ့ သူပုန်အဖွဲ့တွေကို အဓိကဦးဆောင်ခဲ့ပြီး၊ ဆီးရီးယားနိုင်ငံမှာ ခေါင်းဆောင်သစ် ဖြစ်လာသူ Ahmed al-Sharaa ကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားနိုင်ရေး တွန်းအားပေးနေတာပါ။ Riyadh မြို့တော်က ဆွေးနွေးပွဲမှာတော့ ဆီးရီးယားအစိုးရသစ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Asaad al-Shaibani တက်ရောက်နေပါတယ်။

၂၀၁၁ ခုနှစ်မှာ အစိုးရဆန့်ကျင် အုံကြွမှုတွေကို သမ္မတအာဆတ် အစိုးရက နှိမ်နင်းခဲ့ရာက ပြည်တွင်းစစ်ကို ဦးတည်ခဲ့သလို အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ကြပါတယ်။

Forum

XS
SM
MD
LG