သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာကေတ အာရဗီကျောင်း တရားရုံးအမိန့်မပါပဲ ချိပ်ပိတ်


သာကေတ အာရဗီကျောင်း တရားရုံးအမိန့်မပါပဲ ချိပ်ပိတ်။ (ဧပြီ ၂၈-၂၀၁၇)
သာကေတ အာရဗီကျောင်း တရားရုံးအမိန့်မပါပဲ ချိပ်ပိတ်။ (ဧပြီ ၂၈-၂၀၁၇)

အမျိုးသားရေးဝါဒီ သံဃာတော် တချို့ အပါအဝင် လူပုဂ္ဂိုလ် ၁၀၀ လောက်ဟာ မနေ့ သောကြာနေ့က ရန်ကုန် သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း နှစ်ကျောင်းမှာ ဗလီဝတ်ပြုမှုတွေ လုပ်နေတယ်လို့ စွပ်စွဲပြီး ပိတ်ပေးဖို့ အာဏာပိုင်တွေကို ဖိအားပေး လှုပ်ရှားခဲ့ကြပါတယ်။ ဒါအပြင် အဲဒီမှာ သွားရောက်သတင်းယူခဲ့ကြတဲ့ သတင်းထောက်တချို့ကိုလည်း အမျိုးသားရေးဝါဒီဆိုသူတွေ က အကြမ်းဖက် တုန့်ပြန်ခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာတော့ သာကေတက အစ္စလာမ်ကျောင်း နှစ်ကျောင်းလုံးကို အကြောင်းပြချက်မရှိပဲ အခြေအနေတွေကို ယာယီထိမ်းသိမ်းတဲ့အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ယာယီချိတ်ပိတ်ခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဧပြီလ (၂၈) ရက်နေ့ ညနေပိုင်းက သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး ကျောင်း ၂ ကျောင်းကို ပိတ်ပေးဖို့ သံဃာတော်တွေပါဝင်တဲ့ အမျိုးသားရေးဝါဒီတွေ သွားရောက်ပြီး အာဏာပိုင်တွေကို ဖိအားပေးတောင်းဆိုနေတဲ့ မှတ်တမ်းတင် ဗွီဒီယိုဖိုင် တွေဟာ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေ ပေါ်မှာ အချိန်ပိုင်းအတွင်း ပြန့်နှံခဲ့ပါတယ်။

ဒါအပြင် အဲဒီမှာ သတင်းယူနေကြတဲ့ သတင်းထောက်တွေကို အမျိုးသားရေး အင်အားစုဆိုသူတွေက အကြမ်းဖက်တုန့်ပြန်ရာမှာ အေပီသတင်းဌာနက ရုပ်သံသတင်းထောက် ကိုမင်းကြည်သိန်းကို အဲဒီလူအုပ်ကနေ အကြမ်းဖက် ရိုက်နှက်ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတာဝန်ရှိသူကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

မအင်ကြင်း။ ။ ချိပ်ပိတ်တဲ့ကိစ္စမှာ တရားရုံးရဲ့ခွင့်ပြုချက်ပေါ့နော်။ တရားရုံးရဲ့အမိန့်များ ပါပါသလားလို့ နောက်ပြီးတော့ ဘာကြောင့် အဲ့ဒီ့လို ချိပ်ပိတ်ခံရတာလဲရှင့်။

" အဲ့တာက ကျနော်တို့ဆီကို စာတွေ ဘာတွေ ဘာမှ ပေးမထားသေးဘူးခင်ဗျ။ အမတို့သိချင်တယ်ဆိုရင် တိုင်းကို မေးကြည့်မှ ရမယ်ဗျ။"

မအင်ကြင်း။ ။ လောလောဆယ် ကျောင်းတွေက ဘယ်နှစ်ကျောင်း ချိပ်ပိတ်ခံထားရပါလဲရှင့်။ အစ္စလာမ်ကျောင်းလေ။

" အဲ့တာတော့ ဘယ်နှစ်ကျောင်းဆိုတာ ကျနော်တို့မသိဘူးခင်ဗျ။ လောလောဆယ်သိတာတော့ တစ်ကျောင်းတော့သိတယ်။"

မအင်ကြင်း။ ။ အခုလောလောဆယ် လုံခြုံရေးအခြေအနေကရော ဘယ်လိုပါလဲ။

" အေးဆေးပဲ အမ ဘာမှ မဖြစ်ပါဘူး။ အေးဆေးပါပဲ ကျနော်တို့ဆီက တပ်ဖွဲ့ဝင်တွေလည်း ရှိပါတယ်။"

အဲဒီဗွီဒီယိုတွေထဲမှာ အမျိုးသားရေးဝါဒီဆိုသူတွေက သူတို့ အစ္စလာမ် ဘာသာရေးကျောင်းတွေကို ပိတ်ခိုင်းရသလဲဆိုတဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာနေထိုင်တဲ့ ကိုလတ်က အခုလို ပြောသွားပါတယ်။

" ကျနော်တို့ အမျိုးသားအင်အားစုတွေ အနော်မာ ၁ရပ်ကွက်ကို ရောက်ရှိရတဲ့ အကြောင်းရင်း ကတော့ အာရဗီစာသင်ကျောင်းတွေကို အသုံးပြုပြီးတော့ ဗလီ ဝတ်ပြုကျောင်းတွေ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်က ဒီနေရာကို လာရောက်လေ့လာကြည့်ရှုရခြင်းဖြစ်တယ်။ ပြောရင်တေ့ာ စာသင်ကျောင်း ပြီးရင်တော့ ဗလီတက်တယ်။ ဒါမျိုးတွေကို ကျနော်တို့က ဆက်လက်မလုပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ တားမြစ်ပေးဖို့ အုပ်ချုပ်ရေးပိုင်း စည်ပင်ပိုင်းတွေကနေ ဒီဟာတွေကို တားမြစ်ပေးဖို့ မျိုးနွယ်စုတခုနဲ့တခု ပဋိပက္ခရေရှည်မဖြစ်စေဖို့အတွက်ကို ကျနော်တို့ အမျိုးသားရေးတွေက ရောက်လာရတာဖြစ်ပါတယ်။"

သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာကျောင်းတွေဟာ ဥပဒေနဲ့အညီ တရားဝင်ဖွင့်ထားတာ ဖြစ်တဲ့အပြင် ကျောင်းသား ၃၀၀ကျော် တက်ရောက်သင်ကြားနေတာဖြစ်တယ်လို့ အစ္စလာမ် ဘာသာရေး ကျောင်းရဲ့ ဥက္ကဋ္ဌ ဦးတင်ရွှေက သတင်းထောက်တွေ ကိုပြောပါတယ်။ ဥပဒေအရ ကျူးလွန်ဖောက်ပြန်ခြင်းမရှိပေမဲ့ ပြသာနာ ပိုပြီး မကြီးထွားစေဖို့ဆိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေက စာရွက်စာတမ်းမပါပဲ ပါးစပ်နဲ့ပြောပြီး ချိတ်ပိတ်ခဲ့တာဖြစ်ကြောင်း ဦးတင်ရွှေက အခုလို ဆက်ပြောပါတယ်။

"မယကဦးစီးရယ်၊ သာသနာရေးဦးစီးရယ် ၂ ယောက်က လာပါတယ်၊ ရဲမှူးတွေပါပါတယ်၊ ခင်ဗျားတို့ ဘာကြောင့်ပိတ်တာလဲ၊ ကျနော်တို့မှာ တရားဝင် စာရွက်စာတမ်းရှိတယ်၊ ကျနော်တို့မှာ အပြစ်ရှိလို့လား ဒါ ခင်ဗျားတို့ ချိတ်ပိတ်တယ်ဆိုတာ အပြစ်ရှိလို့ အရေးယူတာပါပြောတော့ မဟုတ်ဘူးဆိုပြီးတော့ ဦးစီးကရော သာသနာရေးဦးစီး ပါးစပ်ကရော မယကဦးစီးကရော ဒီကိစ္စ ပြဿနာကြီးထွားသွားမှာစိုးလို့ ယာယီ ထိန်းသိမ်းထားပါတယ်ဆိုပြီး ကျနော်တို့ကို ပြောပါတယ်။"

စာသင်ကျောင်းတွေ ချိတ်ပေးခံရတဲ့ကိစ္စမှာ တရားဥပဒေအရ အကာအကွယ်မပေးနိုင်တဲ့ ဝမ်းနည်းမိတယ်လို့ ဦးတင်ရွှေကပြောပါတယ်။

အစ္စလာမ်ဘာသာကျောင်းတွေမှာ ဘုရားဝတ်ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ လူငယ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ကိုရှိုင်းက အခုလိုပြောပါတယ်။

" စာသင်ကျောင်းမှာ ဝတ်မပြုရဘူးဆိုတဲ့ဟာကိုပြောတဲ့အခါမှာ ကျနော်က ဘာနဲ့သွားပြီး နှိုင်းယှဉ်ပြလို့ရတုန်းဆိုတော့ ဗုဒ္ဓဘာသာကျောင်းတွေမှာ ယဉ်ကျေးလိမ္မာတို့ ဘာတို့ သင်တဲ့အခါကျရင် ဘုရားဘယ်လိုရှိခိုးရတယ်ဆိုတာကအစ အဲ့မှာ သင်ပေးတယ်။ အဲ့တော့ ကျနော်တို့ အစ္စလာမ်စာသင်ကျောင်းတွေမှာလည်း ကျနော်တို့ ဘယ်လိုဘုရားရှိခိုးရလဲ ဘယ်လို ဘုရားဝတ်ပြုရလဲဆိုတာကို သင်ပေးတယ်။ ဆိုတော့ ဒါကို ကြည့်ပြီးတော့မှ ဝတ်ပြုကျောင်းဆိုပြီး ဗလီကို စွပ်စွဲတယ်ဆိုတော့ လုံးဝ အခြေအမြစ်မရှိတဲ့ကိစ္စတခုပဲနော်။"

ဒါအပြင် မြန်မာနိုင်ငံမှာ ဘာသာရေးအရဖိနှိပ်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲဝေဖန်နေချိန်မှာ အခုလို ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးတာဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ပိုကြီးအကြပ်အတည်းဖြစ်စေတယ်လို့ မြင်ကြောင်း ကိုရှိုင်းက ပြောပါတယ်။

သာကေတမှာရှိတဲ့ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း လေးကျောင်းလုံးကို ပိတ်ဖို့ သံဃာတော်တွေပါဝင်တဲ့ အမျိုးသားရေးအင်အားစုဆိုတဲ့ အဖွဲ့က အရင်ကတည်းက ဖိအားပေးနေခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်နေတဲ့အချိန်မှာ အခုလို အခြေအနေတွေ ပိုပြီး ဆိုးလာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG