သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွမြို့သိမ်းအပြီး နိုင်ငံရေးအရဆွေးနွေးဖို့အသင့်ရှိကြောင်း AA ပြော


စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူလိုက်တဲ့ အာရက္ခတပ်တော်
စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူလိုက်တဲ့ အာရက္ခတပ်တော်

ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က ဒီကနေ့ နေ့လည်ပိုင်းမှာ အပြီးသိမ်းလိုက်ပြီ ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဂွမြို့တိုက်ပွဲအခြေအနေကတော့ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ ဂွမြိုမှာရှိတဲ့အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်း သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဂွမြို့ကနေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲတွေကို ကျနော်တို့ အာရက္ခတပ်တော်က လိုက်လံချေမှုန်း တိုက်ခိုက်လျက် ရှိပါတယ်။”

တချိန်ထဲမှာပဲ စစ်ကောင်စီက ဂွမြို့အတွင်းကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာရှိသလို လေကြောင်း၊ ရေကြောင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲ ဖြစ်တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

စစ်ကောင်စီက စစ်ကူအင်အားတွေ ထပ်ဖြည့်ပြီး ဂွမြိုအနီးတဝိုက်ကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာတွေရှိတဲ့အတွက် တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေကြောင်းနဲ့ စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်တာတွေအပြင် ရေတပ်ကလည်း ဧရာဝတီတိုင်း၊ ကမ်းသာယာကမ်းခြေအနီးကနေ ရေကြောင်းပစ်ကူ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

တချိန်ထဲမှာပဲ အခုလို ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရ ထိုးစစ်ဆင် အောင်မြင်မှုတွေ ရရှိခဲ့တာက မြန်မာတနိုင်ငံလုံး စစ်အာဏာရှင်စံနစ်အောက်က လွတ်မြောက်ရေးအတွက် အထောက်အကူပြုစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ AA အနေနဲ့ မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပြည့်ဝသည်အထိ မားမားမတ်မတ် ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေအရ လက်ရှိ ပဋိပက္ခကို စစ်ရေးနည်းထက် နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ သူတို့အနေနဲ့ အဆင်သင့်ရှိကြောင်း ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ အာရက္ခတပ်တော် AA က ကြေညာချက် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလက စတင်ပြီး တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာမှာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားပြီးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေလောက်သာ ကျန်ရှိတော့ပြီး အဲဒီထဲက စစ်တွေမြို့နယ်မှာတော့ ဒီရက်ပိုင်းအတွင်း နှစ်ဘက်ပစ်ခတ်မှုတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Forum

XS
SM
MD
LG