သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပြေးဒုက္ခသည်များ ရပ်တည်နေထိုင်ရေး ခက်ခဲ


ရခိုင်တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာနေရာ။ (ဓါတ်ပုံ - Official Publication)
ရခိုင်တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာနေရာ။ (ဓါတ်ပုံ - Official Publication)

ရခိုင်ပြည်နယ်တွင်း မြန်မာတပ်မတော်နဲ့ ရခိုင်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေချိန် စစ်တပ်ဘက်က စစ်အင်အားတိုးချဲ့ပြီး နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတဲ့ အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ အခက်အခဲများစွာ နဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်စစ်ဘေးသင့်ပြည်သူတွေကို ကူညီ ကယ်ဆယ် ပေးနေသူတွေ ကပြောပါတယ်။ NLD အစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရဘက်က မြန်မာတပ်နဲ့ ရခိုင်တပ်ကြား စစ်ရေးတင်းမာမှုတွေကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးဖို့ကိုလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီဘက်က တိုက်တွန်းပါတယ်။ အသေးစိတ် မဆုမွန်က ပြောပြပေးပါမယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော် AA တို့ ကြား နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ နှစ်ဘက် အကျဆုံးများခဲ့တဲ့ ရခိုင်တိုက်ပွဲအတွင်း နယ်မြေတွင်း စစ်ရေးတင်းမာမှုတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရလို့ အဲ့ဒီ့နယ်မြေတွေမှာရှိတဲ့ ရခိုင်ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲ့ဒီ့စစ်ပြေးဒုက္ခသည်တွေ အတွက် နေရေး၊ စားရေး အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ရခိုင်စစ်ပြေးဒုက္ခသည်တွေ အတွက် အရေးပေါ်လိုအပ်ချက်တွေကို ကူညီပေးနိုင်ဖို့ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ လူမှုအသင်းအဖွဲ့တွေက ဝိုင်းဝန်းဆောင်ရွက်ပေးနေကြရတယ်လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် က ANP ပါတီ ဒုဥက္ကဋ္ဌ ဦးထွန်းသာစိန်က VOA ကိုပြောပါတယ်။

" စစ်ရှောင်ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ မူလ နေရပ်ရင်းရွာတွေကို စွန့်လွှတ်ပြီးတော့ လာရတယ်ဆိုတော့ လောလောဆယ် သူတို့မှာ စားဝတ်နေရေး အခက်အခဲတွေရှိနေမယ်။ အဲ့တာကြောင့်မို့ ပြည်နယ်အစိုးရအနေနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းစေချင်တယ်။ ဘူးသီးတောင်မှာ စစ်ရှောင်ဒုက္ခသည် သုံးရာလောက်ရောက်နေတယ်။ လောလောဆယ် သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ စောင့်ရှောက်နေရတယ်။ ကျနော်တို့ ဘက်မှာလည်း အဲ့ဒီ့ဒုက္ခသည်တွေအတွက် ပြည်သူတွေကို ကျနော်တို့ပြောပြနေရတယ်။ ဒီလူတွေကို ကူညီရမယ် ဒီလူတွေကို စောင့်ရှောက်ရမယ်။ ကျနော်တို့လည်း မနက်ဖြန်မှာ မြောက်ဦးမြို့နယ်မှာ ဒီစစ်ရှောင်ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့အတွက် ၁နာရီမှာ နာရေးရုံးမှာ အရပ်ဖက်အဖွဲ့အစည်းတွေရော ပါတီတွေပါ ဖိတ်ခေါ်ထားတာရှိပါတယ်။"

ရခိုင်ဒေသတွင်း အခုလို စစ်ရေး တင်းမာမှုတွေ ဖြစ်နေတဲ့အပေါ် ဒေသခံပြည်သူတွေဘက်က စစ်မီးငြိမ်းဖို့ အရေး တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးကြဖို့ လိုလားနေကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင်တပ်ကြား စစ်ရေး ပဋိပက္ခတွေပြေလည်ရေး NLD အစိုးရဘက်က အလေးအနက်ထား ဆောင်ရွက်ပေးစေလိုတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက တွဲဖက်အတွင်းရေးမှူး ဦးထွန်းဇော်ကပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှစ်သစ်မိန့်ခွန်းမှာ ငြိမ်းချမ်းရေးလမ်းစဉ်ကို ထည့်သွင်း ချပြထားတာတွေ့ပါတယ်။ ပြီးတော့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို သူ့အနေနဲ့ ကြိုးပမ်းမယ်ဆိုတာကို ပြောထားတာ ရှိပါတယ်။ ဆိုတော့ အဲ့ဒီ့အနေအထား အော်ကမှာ ကျနော်မြင်တာ ကတော့ မြန်မာ့တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရနဲ့ ပြေပြေလည်လည်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ ထင်ပါတယ်။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ တုန်းကလည်း မြန်မာ့တပ်မတော်ဘက်က သူ့ကို ထိန်းချုပ်လို့မရဘူး သူစိတ်ကြိုက် လုပ်နေတယ်ဆိုတဲ့အနေအထားတွေ ကျနော်တို့ တွေ့ရတယ်။ အခုအစိုးရ လက်ထက်မှာလည်း ထိုနည်းတူစွာပဲ မြန်မာ့တပ်မတော်က ထိုးစစ်တွေက စဉ်ဆက်မပြတ် လုပ်နေတာကို တွေ့ရတယ် အဲ့တာကြောင့် ဒီလိုဖြစ်နေတဲ့ အနေအထားအောက်မှာ ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ခက်ပါလိမ့်မယ်။

အဲ့တာကြောင့် ကျနော်တို့မြင်တာကတော့ မြန်မာ့တပ်မတော်အနေနဲ့ NLD အစိုးရ အဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ နောက်တခုကလည်းပဲ NLD အစိုးရဘက်က ငြိမ်းချမ်းရေးလမ်းစဉ်ကို ပွင့်ပွင့်လင်းလင်း အများပြည်သူကို ချပြပြီးမှ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတဲ့ နည်းနာကို သူ့အနေနဲ့ ရှာဖို့ လိုပါမယ်။ အခုကျတော့ NLD အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အနေအထား တွေကို တိတိပပ မသိရသေးဘူးလေ။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ ကျနော်တို့ဘက်က တိုက်တွန်းလိုပါတယ်။ အဲ့ဒီ့အတိုင်းဖြစ်စေဖို့ လိုလားပါတယ်။"

ရခိုင်၊ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားဒေသတွေဘက်မှာ စစ်တပ်ဘက်က စစ်အင်အားတွေ ဖြည့်တင်းနေသလို စစ်ရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေတဲ့အပေါ် စစ်ရေးပြဿနာတွေကို တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာ ဖြေရှင်းစေလိုတယ်လို့ ဦးထွန်းဇော်ကပြောပါတယ်။

စစ်ဘေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေ အရေး ကိုလည်း နှစ်ဖက်စစ်ပွဲတွေ ရပ်တဲ့နည်းလမ်းနဲ့ အမြန်ဆုံး ဖြေရှင်းပေးစေလိုပါတယ်လို့လည်း UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်တဲ့အခါမှာ အရပ်ဖက် ပြည်သူလူထုကို ပစ်မှတ်မထား ဖို့ အရေးကြီးတယ် အရပ်ဖက်ပြည်သူလူထုရဲ့ နစ်နာမှုတွေ ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ဆိုရင် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ Norms တွေ Standards တွေရှိပါတယ်။ အရပ်သားပြည်သူလူထုကို မထိခိုက်ရဘူးဆိုတဲ့ နည်းနာကို နှစ်ဖက်စလုံးကို အပြည့်အဝ လိုက်နာပြီးမှ ဆောင်ရွက်ကြမယ်ဆိုရင် နည်းနာတခုအနေနဲ့ ရှောင်ရှားနိုင်မယ်ပေါ့လေ။ နောက်တခုက အစိုးရဘက်က သဘောထားကြီးဖို့ အဓိက လိုပါတယ်။

ကျနော်မြင်တာကတော့ မြန်မာ့တပ်မတော်ဘက်က သဘောထားကြီးကြီးနဲ့ ဒါကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ ကြိုးပမ်းမယ်ဆိုရင်တော့ အခုဖြစ်နေတဲ့ ဒေသရဲ့ စိုးရိမ်မှုတွေ မတည်ငြိမ်မှုတွေ ဒုက္ခသည် ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ယုံကြည်ပါတယ်။"

ရခိုင့်တပ်မတော်AAဟာ မြန်မာအစိုးရနဲ့ NCAခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တခုလဲဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFCခေါ် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလတွင်း ရခိုင်တပ်မတော် AA နဲ့ မြန်မာ စစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရခိုင်တပ်တွေကို တပ်မတော် စစ်ကြောင်းတွေဘက်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာမှာ ရခိုင် တပ်ဘက်က ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်မတော်မှ ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဆိုတာကို မြေပုံနဲ့တကွ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG