သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ANP ရခိုင်နိုင်ငံရေးပါတီက လွှတ်တော်အမတ် ဒေါ်ထုမေ နုတ်ထွက်


မှတ်တမ်းဓာတ်ပုံ - လွှတ်တော်အမတ် ဒေါ်ထုမေ
မှတ်တမ်းဓာတ်ပုံ - လွှတ်တော်အမတ် ဒေါ်ထုမေ

ပါတီရဲ့မဟာမိတ် ဆက်ဆံရေး မူဝါဒ အပေါ် သဘောထား ကွဲလွဲမှုတွေကြောင့် ရခိုင်အမျိုးသားပါတီ ANP ကနေ နုတ်ထွက်လိုက်တာ ဖြစ်ကြောင်း ရမ်းဗြဲ၊ အမ်းမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် မိခင်ပါတီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဟာ ရခိုင်အမျိုးသားပါတီ ANP ကနေ ခွဲထွက်ပြီး ပါတီသစ် ပြန်ပြီး ထူထောင်ခဲ့တဲ့ အတွက် သူ့အနေနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ အတွက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့က ANP ပါတီကနေ နုတ်ထွက်စာတင်ခဲ့တဲ့ ဒေါ်ထုမေကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်ရာမှာ သူနုတ်ထွက်ရတဲ့ အကြောင်းရင်းကို အခုလို စပြောပါတယ်။

ဒေါ်ထုမေ။ ။ ပါတီက နုတ်ထွက်ရတဲ့ အကြောင်းအရင်းကတော့လေ ကျမ ၂၀၀၆ ကတည်းက လက်တွဲလုပ်လာခဲ့တဲ့ မိခင်ပါတီ ALD ပြန်ပြီးတော့ မှတ်ပုံတင်တယ်။ ပြန်ပြီးတော့ နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ဖို့ ကြိုးပမ်းတဲ့ အတွက်ကြောင့်မို့ ကျမ မိခင်ပါတီ ပြန်လည် ပေါ်ပေါက်လာတဲ့ အတွက်ကြောင့်မို့လို့ ANP က နုတ်ထွက်ရခြင်း ဖြစ်ပါတယ်ရှင့်။

နောက်တခုက ကျမရဲ့လူမှုကွန်ယက်မှာ တင်လိုက်တဲ့ နုတ်ထွက်စာပေါ့နော် အဲဒီမှာလည်း ရေးထားတယ်။ သဘောထားချင်း မတိုက်ဆိုင်တာ၊ မူဝါဒတွေအပေါ်မှာ အမြင်မတူတာပေါ့နော်။ ဒါက ဘာကိုပြောသလဲ ဆိုရင် ၂ ပါတီ ပူးပေါင်းတုန်းကပေါ့နော် ဒီရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP တို့ ပေါင်းစဉ်က နိုင်ငံရေးအရ gentlemen’s agreement ပေါ့ အမရယ်။ အဲဒါဘာလည်း ဆိုလို့ရှိရင် ၂ ပါတီ ပူးပေါင်းတဲ့ အတွက်ကြောင့်မို့လို့ ဒီဖက် ALD ကနေပြီးတော့ UNA နဲ့ မိတ်ဖက်ရှိတယ်။ RNDP ကနေပြီးတော့ MPF နဲ့ မိတ်ဖက်ရှိတယ်။ ဒီမိတ်ဖက် ၂ ဖွဲ့ကို ဆက်ပြီးတော့ သွားကြမယ်ပေါ့။ ၂ ဖွဲ့နဲ့ ဆက်ပြီးတော့ သွားကြမယ်။ ဒါပေမယ့် ANP ဖြစ်လာတဲ့ အခါကြတော့ ထုတ်ပြန်ချက်တွေ ထုတ်တဲ့အခါမှာတော့ ဒီ UNA နဲ့ သူတို့ အဆက်အသွယ် ဖြတ်လိုက်တယ်ပေါ့။ ဒါကလည်း အဓိက အကြောင်းအရင်း ဖြစ်ပါတယ်ရှင့်။

မအင်ကြင်းနိုင်။ ။ အခုလိုဒီ ရခိုင် နိုင်ငံရေးပါတီကြီး ၂ ခု မှာ စောစောကပြောသွားတဲ့ ဒီ မဟာမိတ်ကိစ္စ တွေမှာလည်း ဒေါက်တာအေးမောင် ဦးဆောင်တဲ့ အရင် RNDP ပါတီကနေ ပြီးတော့ သူက USDP နဲ့ မဟာမိတ်ပုံစံမျိုး ပိုပြီးရှိနေပြီးတော့ ဒီ ALD ပေါ့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ဒီ NLD ပါတီနဲ့ ဒီ မဟာမိတ်ပုံစံ ချဉ်းကပ်မှုမျိုးပေါ့လေ။ အဲဒါမျိုးတွေ ရှိနေတယ် ဆိုပြီးတော့ ဝေဖန်ရေးသားတာမျိုးလည်း ရှိတယ်။ ရှိတော့ အဲဒါတွေက ဘယ်လောက် မှန်မမှန် ပြောလို့ရလည်းရှင့်။

ဒေါ်ထုမေ။ ။ မဟာမိတ် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီ ကျမတို့၊ ကျမ ၂၀၀၆ ခုနှစ်မှာ ကတည်းက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကာလ တလျှောက်မှာတော့ NLD မှ မဟုတ်ပါဘူးပေါ့နော်။ အဲဒီတုန်းက NLD ခေါင်းဆောင်တွေကလည်း ကျမတို့ လူငယ်တွေနဲ့ တွေ့ဆုံဖို့ အခုလက်ရှိ ပြည်ထောင်စုလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် ဆိုလို့ရှိရင် သင်ပေးတယ်။ ကွယ်လွန်သွားတဲ့ ဘဘဦးဝင်းတင်တို့ ဆိုလို့ရှိရင်လည်း လူငယ်တွေကို နိုင်ငံရေး အသိစိတ်ဓါတ် နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အရာ ကနေပြီး ကျမတို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက ၁၉၉၀ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးပါတီ အများစုကနေပြီးတော့ ဒီ ဒီမိုကရက်တစ် အုပ်စုဘဲလို့ ကျမ ယုံကြည်ပါတယ်။ အခုနက မေးလိုက်တဲ့ NLD ဘက်က ALD ကိုပိုပြီးတော့ ဖြစ်မယ် Alliance ဖြစ်မယ်။ ဒီ RNDP နဲ့က USDP နဲ့ alliance ရှိ တယ်ဆိုတဲ့ အဖြေမှာတော့ ကျမ ဘာမှ ဘာမှ မှတ်ချက် မပေးလိုဘူး။ ဒါပေမယ့် ကျမဖြတ်သန်းလာတဲ့ ALD တလျှောက်မှာတော့ ဒီမိုကရက်တစ် စံချိန်စံညွှန်း တွေနဲ့ပြည့်စုံတဲ့ Alliance နဲ့ အလုပ်လုပ်ခဲ့တာကိုတော့ ကျမလက်တွေ့ သိရှိခဲ့ပါတယ်ရှင့်။

မအင်ကြင်းနိုင်။ ။ အဲဒီလို ဒီ ရခိုင်ပါတီကြီး ၂ ခု ဒီ အကွဲအပြဲက ဒီရခိုင်ပြည်နယ် အတွက်ကော ဘယ်လောက်အထိရိုက်ခတ်မလဲ။ နောက်ပြီးတော့ ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက် ကိုရော ထိခိုက်စေမလားရှင့်။

ဒေါ်ထုမေ။ ။ ကျမတို့ပေါ့နော် ဒီ မိုကရေစီအသိုင်းအဝိုင်း ဒီမိုကရေစီ အတွေးအခေါ် ဒီမိုကရေဒီ အယူအဆတွေနဲ့ နောင်လာမယ့်ရခိုင်လူငယ်တွေရဲ့အနာဂတ်ကို ရှေ့ မြန်မာနိုင်ငံရဲ့အနာဂတ်ကိုကော ဖြစ်ဖြစ် ပုံဖေါ်ကြတဲ့နေရာမှာ ဒီနိုင်ငံရေးအရ အမြင်မတူတာတွေ ရှိကြမယ်ပေါ့။ ဒါပေမဲ့ အရေးကြီးတာ ဘာလဲ ဆိုလို့ရှိရင် ကျမတို့ ပြည်သူတွေက ၂၀၁၅ က ကြလို့ရှိရင်တော့ မဲကွဲမှာ ကိုစိုးရိမ်ကြတယ်။

၂ ပါတီ ပူးပေါင်းစေချင်ကြတယ်။ ဆိုတော့ ဒါပြည်သူတွေရဲ့ ဆန္ဒအရ ပူးပေါင်းခဲ့ကြတယ်။ ပူးပေါင်းခဲ့ကြပေမယ့် အားဖြစ်မယ်။ ကျမစောစောက ပြောခဲ့တဲ့အတိုင်းပေါ့နော် ၂ ပါတီ ပူးပေါင်းခဲ့ရင်တော့ ရခိုင်ပြည်သူလူထုရဲ့ အနာဂတ်ကို ပိုပြီးတော့ လုပ်ဆောင်နိုင်မယ်။ အမျိုးသား အကျိုုးစီးပွားအပေါ်မှာ အခြေခံတဲ့ ပါတီကြီး တရပ်ဖြစ်ပေါ်လာမယ် ဆိုပြီးတော့ ယုံကြည်ခဲ့ ကြလို့ မို့လို့ ပေါင်းခဲ့ကြတယ်။ ၂ဦး ၂ဖက် ပေါင်းခဲ့ကြတဲ့ အထဲမှာတော့ အကုန်လုံးက အဆင်ပြေမယ်လို့ ထင်ခဲ့ကြတယ်။

ဒါပေမယ့် တကယ်တမ်း ကြလို့ရှိရင် ပူးပေါင်းတယ် ဆိုတဲ့ အထဲမှာ ရိုးသားမှုက သိပ် အခရာကျခဲ့တယ် ပေါ့နော်။ ပါတီခေါင်းဆောင်များရဲ့ ရိုးသားမှု နောက်တခုက နေရာတွေအတွက် စကားပြောကြတဲ့ နေရာတွေမှာ ဒီရိုးသားမှုက သိပ် အခရာကျတယ်။ ဒါပြည်သူက နေပြီးတော့ပေါ့နော် နောင်မှာ ဆုံးဖြတ်ပေးမှာပါ။

ဒါပေမယ့်အခု လိုမျိုး သဘောထားတွေ မတိုက်ဆိုင်ဖြစ်လာတဲ့ အခါမှာ ကျလို့ရှိရင်တော့ ကျမရဲ့ ဒီ အခုပေါ့နော် ALD ပြန်လည် ပေါ်ပေါက်လာခြင်း ပြန်ပြီးတော့ပေါ့နော် ကွဲသွားတာနဲ့ ပတ်သက်ပြီးတော့ ကျမ ရေရှည် အမြင်ရှိပါတယ်ရှင့်။ ရေရှည်အမြင်က ဘာလဲ ဆိုလို့ ရှိရင် ဖယ်ဒရယ်ဒီမိုကရေစီ ပေါ့နော်။ ကျမတို့တိုင်းရင်းသားများ လိုလားကြတဲ့ ဖယ်ဒရယ် ဒီမိုကရေစီကို ဦးတည်နေတယ်။ အဲလိုမျိုး ဦးတည်လို့ လျှောက်လှမ်းကြတဲ့အခါမှာ အနာဂတ် အတွက် ဆိုလို့ရှိရင်တော့ နိုင်ငံရေးအတွက် ပိုမိုပြီးတော့ ကောင်းမွန်လာပါလိမ့်မယ်ရှင့်။

ဘယ်ပါတီကမှ ဒီရခိုင် ပြည်နယ်အရေး အရေးအရာကို ဖြေရှင်းနိုင်တယ်။ ဘယ်ပါတီကတော့ ပိုပြီးမှ ဖြေရှင်းနိုင်တယ် လို့တော့ ရှိမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများ အကြောက်တရားများ ကင်းပြီးတော့ နေထိုင်နိုင်တဲ့နေရာ ဖြစ်အောင် ကျမတို့ ဖန်တီးရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျမ ယုံကြည်တာတခုက ဘာလဲလို့ ဆိုလို့ရှိရင် တော့ နိုင်ငံရေးပါတီရယ်မှ မဟုတ်ပါဘူး မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘယ်သူမဆိုပေါ့နော် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖြစ်စေ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဒီငြိမ်းချမ်းရေးကြောင့် ဖြစ်စေ မြန်မာနိုင်ငံ တနိုင်ငံလုံးက ပါတီတိုင်းနဲ့ မြန်မာတိုင်းရင်းသား အကုန်လုံးနဲ့တော့ ရခိုင်ပြည်နယ်အရေးက သက်ဆိုင်ပါတယ်ရှင့်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG