သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်စေလား


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါနေကြရတဲ့ ဒေသခံများ။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉ )
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါနေကြရတဲ့ ဒေသခံများ။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉ )

အခုလအတွင်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ တပ်မတော်၊ အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေချိန်မှာပဲ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အခုရက်ပိုင်းအတွက် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက် သေကြေတဲ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိလာတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျိုးဖြစ်မှာမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ စစ်တပ်ဘက်ကထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ရတာလို့ ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်း၊ ပေးပို့ထားပါတယ်။

မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ အပစ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ဒီအောက်တိုဘာလထဲ တွေ့ဆုံသွားဖို့ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီမြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ AA, MNDAA, TNLA နဲ့ KIA တပ်တွေရှိနေတဲ့ နေရာတွေမှာ နှစ်ဖက် ပစ်ခတ်မှုတွေရှိနေလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားနိုင်ပါ့မလားဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

အရပ်သားတွေ ထိခိုက်မှုရှိလာတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနေတာတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျိုးဖြစ်မှာမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“လွန်ခဲ့တဲ့ ဒီတပတ်လောက်အတွင်းမှာ သိန္နီမြို့လယ်မှာ ဖြစ်ခဲ့တဲ့ဟာဆိုရင်တော့ တပ်ကအုပ်ချုပ်မှုလုံခြုံရေးဆောင်ရွက်နေတဲ့ယာဉ်တန်းကို ပစ်ခတ်ခဲ့တာမျိုးရှိတယ်။ အဲလိုပစ်ခတ်ခဲ့တာမျိုးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ အပေါင်းလက္ခဏာ ဆောင်တဲ့သဘောတော့မရှိဘူး။ ဒီလိုမျိုး ကွဲလွဲနေတာမျိုးတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်တော့ အကျိုးဖြစ်ထွန်းစေတဲ့အလားအလာတော့မရှိပါဘူး။”

ပြည်တွင်းစစ်ရပ်တန့်ဖို့နဲ့ တဖက်သတ် အပစ်ရပ်စဲနိုင်ဖို့ရည်ရွယ်ပြီး ဒီနှစ်ကုန်အထိ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်စဲမယ့်အကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က စက်တင်ဘာလ ၂၀ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း တပ်မတော်ဘက်က ထိုးစစ်တွေ ဆက်ရှိနေကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ထိုးစစ်တွေ မလုပ်ဘူးဆိုပြီး ဒါ ကျနော်တို့ဘက်က ရပ်တန့်ထားတာရှိတယ်။ အခု ဆွေးနွေးပွဲကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ဘက်က အမြဲတံခါးဖွင့်ထားတဲ့ ကိစ္စဗျ။ အခုမြေပြင်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်ဆိုတာ ကျနော်တို့ဘက်က သွားတိုက်လို့ ဖြစ်တာမဟုတ်ဘူး။ တကယ်လို့သာ မြန်မာစစ်တပ်က ထိုးစစ်တွေကို ရပ်လိုက်မယ် ဆိုရင်တော့ မြေပြင်မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်တန့်နိုင်တဲ့ အနေအထားရှိတယ်။”

မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နဲ့ အစိုးရအပြင် တပ်မတော်ဘက်က ကိုယ်စားလှယ်တချို့ မကြာခင်ပြန်တွေ့ကြဖို့ သဘောတူခဲ့တဲ့အနေအထားမှာ ရခိုင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေပိုပြီး ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ တဘက်ကတိုက်ပွဲရှိနေပြီး တဘက်မှာလည်း ဆွေးနွေးပွဲတွေ ရှိနေတဲ့ပုံစံအတိုင်းဆိုရင် တချိန်ချိန်တော့ တိုက်ပွဲတွေ လျှော့ချလို့ရနိုင်မယ်လို့ မြင်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“သိပ်တော့ မထူးဘူးဗျ၊ ဒီတိုက်ပွဲက ရပ်လို့ရမှာ မဟုတ်ဘူးထင်တယ်။ ဒီ ရခိုင်ဘက် မှာလည်း တိုက်ပွဲဖြစ်တာမကဘူး၊ မြောက်ပိုင်းမှာ ဟိုတလောက သိန္နိဘက်မှာ တိုက်ပွဲဖြစ်တာ တွေ့ရတယ်။ အဲဒီတော့ တိုက်ပွဲတွေဖြစ်လို့ ဆွေးနွေးပွဲကို နောက်ဆုတ် သွားမှာတော့ မဟုတ်ဘူး။ ဆွေးနွေးပွဲကတော့ ရှိနေမှာပါ။ ဒါပေမဲ့ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အနေနဲ့ တကယ့်အရေးကြီးတဲ့ အချက်တွေမှာ သဘောတူညီချက် မရမချင်းကတော့ တိုက်ပွဲ လျှော့ချဖို့ကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။”

လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တနိုင်ငံလုံး အပစ်ရပ်လက်မှတ် NCA ရေးထိုးထားတဲ့ လက်နက်ကိုင် ၁၀ဖွဲ့ရှိပါတယ်။ NCA ထိုးထားတဲ့အဖွဲ့တွေမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေအပါအဝင် အခြား တန်းတူအခွင့်အရေးတွေ မမြင်ရသေးတဲ့အပေါ်မှာ ကျန်တဲ့လက်နက်ကိုင် အဖွဲ့တွေက ဝေဖန်ထောက်ပြကြပါတယ်။ ဒီအခြေအနေတွေကို ရှောင်ရှားနိုင်ဖို့အတွက် အစိုးရအနေနဲ့ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပီပီပြင်ပြင် ဖော်ထုတ်သင့်ကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။

“တကယ်တမ်း တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းအရရော၊ လက်တွေ့ပိုင်းအရရော တိုင်းရင်းသားတွေဘက်က ဘာအခွင့်အရေးမှ ထူးပြီး ရလာတာ မရှိသေးရင် NCA လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ပိုပြီးသံသယ ဝင်လာတတ်တာတော့ ထုံးစံပဲ။ အဲဒီလို အခြေအနေမျိုး ပေါ်မလာဘဲနဲ့တော့ NCAနဲ့ ပတ်သက်ပြီးတော့ မထိုးရသေးတဲ့သူတွေ အယုံအကြည်မရှိတာ သိပ်ပြီးတော့ အံ့သြစရာ ကိစ္စတော့ မဟုတ်ပါဘူး။”

တိုက်ပွဲကြီးတွေမဟုတ်ဘဲ တိုက်ပွဲငယ်တွေ ကြိုကြားဖြစ်နေတာတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ ထိခိုက်နိုင်မှာ မဟုတ်ကြောင်းလည်း တပ်မတော်အငြိမ်းစားအရာရှိ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက သူ့အမြင်ကို အခုလိုပြောပါတယ်။

“တဘက်ဘက်ကနေ ထိုးစစ်အသွင်လုပ်လာတဲ့ သိသာထင်ရှားတဲ့ လက်နက်ကိုင်ကပဲလုပ်လုပ်၊ တပ်ကပဲလုပ်လုပ် မရှိဘူး ဆိုရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ အထိအခိုက်မရှိဘူး။ ထိုနည်းတူစွာပဲ ကျနော်တို့ဘက်ကလည်း စခန်းကြီးတွေကို သွားတိုက်တယ်၊ သိမ်းတယ် ဘာညာဆိုရင်တော့ ဒါက major off ပေါ့ အဓိကစစ်ဆင်ရေး။ အဲဒါမျိုး မရှိဘူးဆိုရင်တော့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေအပေါ်မှာ ဘာမှထိခိုက်မှု မရှိပါဘူး။ ထိတွေ့မှုတွေ၊ တိုက်ပွဲဖြစ်မှုတွေ ဒါတွေကတော့ အသေးတွေကတော့ ရှိနေမယ်။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်လို့ပဲ သဘောထားရမယ်။”

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း မဟာမိတ်၄ဖွဲ့က ကိုယ်စားလှယ်တွေ နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့ စက်တင်ဘာ ၁၇ရက် ဆွေးနွေးပွဲမှာ သဘောတူညီချက်တချို့ ရခဲ့ပေမဲ့ တိကျတဲ့ ဆုံးဖြတ်ချက်တစုံတရာ မချနိုင်ဘဲ ပြီးဆုံးခဲ့တာပါ။ နှစ်ဖက် အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ဖို့၊ လက်ရှိတိုက်ပွဲတွေ ရပ်နိုင်ဖို့၊ စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးနဲ့ တပ်နေရာချထားရေးကိစ္စတွေကို နောက်လာမယ့် တွေ့ဆုံပွဲမှာ ထပ်ဆွေးနွေးကြဖို့ သဘောတူညီမှု ရခဲ့ကြတာ ဖြစ်ပါတယ်။

Unicode














တိုက်ရိုက် လင့်ခ်
XS
SM
MD
LG