သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် သတ်ဖြတ်မှု စုံစမ်းရေးကော်မရှင် လူအများကြိုဆို


ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ဆိုပြီး အဖွဲ့တဖွဲ့ကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။ အစိုးရရဲ့ ဒီလုပ်ရပ်ကို ရခိုင် လူမှုအဖွဲ့အစည်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။ စုံစမ်းရေးအဖွဲ့ အနေနဲ့ အခုဖြစ်ရပ်တွေတင် မဟုတ်ဘဲ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေအကြား သဟဇာတရှိစွာ နေထိုင်နိုင်မယ့် အခြေအနေတရပ်ကို ဖန်တီးနိုင်ရေး အစိုးရကို အကြံပြုပေးနိုင်ရင် ပိုကောင်းမယ်ဆိုတဲ့ သဘောထားမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရဲအရာရှိကြီးတွေ၊ အုပ်ချုပ် ရေးမှူးတွေ၊ ဥပဒေ အရာရှိတွေ စသည်အားဖြင့် ၁၆ ဦးပါ စုံစမ်းရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်း လိုက်တာပါ။ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေတဲ့ လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဥပဒေမဲ့ ပြုမူဆောင်ရွက်မှုတွေ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့အပေါ် ဖြစ်ရပ်မှန် ဖော်ထုတ် နိုင်ရေးနဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်ရေး တို့အတွက် ဆိုပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖွဲ့စည်းတာကို ကြိုဆိုပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်က နံပတ်တစ် ပြောချင်တာက စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်တယ် ဆိုတဲ့အပေါ်မှာ ကျနော် ကြိုဆိုတယ် ပေါ့နော်။ နောက်တခုက ဘာလဲဆိုတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အနေနဲ့လည်း အတိအကျ စုံစမ်းပြီးတော့မှ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရား ပြုကျင့်ပြီး သတ်ဖြတ် ပစ်ထားတဲ့ တရားခံတွေကိုလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် စေချင်ပါတယ်။ အလားတူပါပဲ၊ တောင်ကုတ်မှာ ခရီးသည်တင် ကားပေါ်ကနေ ဆွဲချပြီး သတ်ခံလိုက်ရတဲ့ ၁၀ ယောက်အတွက်ကိုလည်း ထိထိရောက်ရောက် တရားခံတွေ ရှာဖွေပြီး အရေးယူ ပေးစေချင်ပါတယ်။"

ဒီလိုဖြစ်ရပ်မျိုးတွေ နောက်မဖြစ်အောင် တားဆီးနိုင်ရေးအတွက် အခုလို ဆောင်ရွက်တာမျိုးကို ကြိုဆိုပါတယ်လို့ အစ္စလာ့မ်တံခွန် အဖွဲ့က ကိုဝဏ္ဏရွှေကလည်း ပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ် ဆိုတာက ကျနော်တို့ ရည်ရွယ်ချက်ကလေ အပြစ်ရှိတဲ့ လူတွေကို အရေးယူဖို့ ဆိုတာထက် ကျနော်တို့က ဒီအပြုအမူမျိုးကို နောက်နှောင် မဖြစ်ပေါ်အောင်ဆိုတာ ဒီလိုတွေပဲ ဆောင်ရွက်ရပါတယ်။ အဲဒီအတွက် ကြိုဆိုပါတယ်။"


မေလ ၂၈ ရက်နေ့က ကျောက်နီမော်ရွာသူ မသီတာထွေးကို လူငယ်သုံးဦးက ပစ္စည်းလုယူ၊ အဓမ္မ ပြုကျင့်ပြီးတော့ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကနေ အခုလို ပြဿနာတွေ စခဲ့တာပါ။ ဇွန်လ ၃ ရက်နေ့မှာတော့ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ စီးလာတဲ့ကားကို လူအုပ်စုတခုက အကြမ်းဖက် တားဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့တာကြောင့် ကားပေါ်ပါ လူ ၁၀ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေထိ ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြတာပါ။

အကြမ်းဖက်ဖြစ်ရပ်တွေ ဖြစ်ပြီးပြီးချင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေဘက်က အရေးယူ လုပ်ဆောင်ပုံ နှေးကွေးတယ်လို့ ဝေဖန်ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရက အခုလို စုံစမ်းရေးအဖွဲ့ ဖွဲ့လိုက်တာကို ရခိုင် အမျိုးသားကွန်ယက်ကလည်း ကြိုဆိုပါတယ်။

"လက်ရှိအစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာ အလေးထား ဆောင်ရွက်လာတာကို ကျနော်တို့အနေနဲ့ အများကြီး ကြိုဆိုပါတယ်။ ဝမ်းသာပါတယ်လို့ ကျနော်တို့အနေနဲ့ ပထမ ပြောပါရစေ။ လက်ရှိအစိုးရရဲ့ ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ ဒီကိစ္စအပေါ်မှာ ပြည်သူလူထု သဘောထား လက်ခံပြီးတော့ သိမ်မွှေ့စွာ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့အနေနဲ့ သတိ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဒီ ကိုင်တွယ်ပုံမှာ နူးညံ့သိမ်မွှေ့စွာ အမြန်ဆုံး ပြေလည်အောင် မဖြေရှင်းခဲ့နိုင်လို့ ဒီပြဿနာနဲ့ ဒီအကျိုးဆက်တွေ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည် ယူဆပါတယ်။ အခုတော့ ဒီကြောင့် အခု ပြည်ထောင်စု အစိုးရအနေနဲ့ အမျိုးသား စုံစမ်းရေး ကော်မရှင် ဖွဲ့လိုက်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ အများကြီး ကြိုဆိုပါတယ်၊ လက်ခံပါတယ်၊ ဝမ်းသာပါတယ်လို့ ပြောပါရစေ။"

ရခိုင်အမျိုးသားကွန်ယက်က ကိုတင်ထူးအောင် ပြေပြခဲ့တာပါ။

စုံစမ်းရေးအဖွဲ့အနေနဲ့ အခုဖြစ်ရပ်တွေ အပေါ်မှာသာမက ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူ လူမျိုးစု အသီးသီးရဲ့ အမြင် သဘောထားတွေကို သိရအောင် စုံစမ်းပြီး ရေရှည် ပြေလည်နိုင်ရေး နည်းလမ်းတွေကိုပါ အကြံပေးနိုင်စေချင်တယ်လို့ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

"ရခိုက်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူနဲစုတွေရဲ့ ခံစားချက်ကို အကုန်လုံးကို လေ့လာပြီးတော့မှ သဟဇာတ ဖြစ်နိုင်တဲ့ အခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့ အစိုးရကို အစီရင်ခံစာ တင်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ နောက်တခုက ရခိုင် တိုင်းရင်းသားတွေ အနေနဲ့ကလည်း တဖက်က ဘင်္ဂလားဒေ့ရှ်က ပြိုဆင်းလာမယ့် အန္တရာယ်ကို အရမ်း စိတ်ပူနေတာကိုး။ အရမ်း စိတ်ပူနေတယ် ဆိုတဲ့အခါကျတော့ ဒါက ကျနော်တို့ရဲ့ အမျိုးသားရေး ပြဿနာ ဖြစ်လာပြီလေ။ အမျိုးသားရေး ပြဿနာ ဖြစ်လာပြီဆိုတော့ ဒီပြဿနာတွေအတွက် တိကျ ခိုင်မာတဲ့ ပေါ်လစီရေးရာ ကိစ္စတွေ ထုတ်ပေးစေချင်ပါတယ်။ အကြံလည်း ပေးစေချင်ပါတယ်။ အားလုံးအတွက်ကို ကျနော် ပြောတာပါ။"

စုံစမ်းရေးအဖွဲ့အနေနဲ့ မှုခင်းဖြစ်ပွားရတဲ့ အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ၊ အုပ်စုဖွဲ့ ကျူးလွန်သူတွေကို ဦးဆောင်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ အခင်း မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီးတဲ့နောက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာ ဒါမှ မဟုတ် ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထင်မြင်ယူဆချက်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေနဲ့အတူ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြ အစီရင်ခံရမယ်လို့ အစိုးရအဖွဲ့က
ညွှန်ကြားထားပါတယ်။

XS
SM
MD
LG