သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်နဲ့ ရခိုင်သူပုန် တိုက်ပွဲပြင်းထန်


မြန်မာတပ်မတော် စစ်ကြောင်း (နိုဝင်ဘာ ၂၀၀၅)
မြန်မာတပ်မတော် စစ်ကြောင်း (နိုဝင်ဘာ ၂၀၀၅)

၈ လ နီးပါး တိုက်ပွဲရပ်တန့်နေတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော်တို့အကြား ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ်ဘက်မှာ ဒီကနေ့ပါဆို (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ဒီလိုဖြစ်တဲ့တိုက်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေထိခိုက်မှုများပြားနေတယ်လို့ ရခိုင်တပ်မတော်ခေါင်းဆောင်တွေကပြောပါတယ်။လက်ရှိငြိမ်းချမ်း ရေးဖေါ်ဆောင်နေဆဲကာလအတွင်း မြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ တိုက်ပွဲတွေရှိနေသေးပေမဲ့ နောင်တက်လာမဲ့အစိုးရသစ်လက်ထက်မှာ ကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးဖြစ်လာနိုင်မယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ခေါင်းဆောင်တွေကနေသုံးသပ်ထားပါတယ်။ ဒီအခြေအနေ ကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ ဆက်သွယ်မေးမြန်းထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရကနေ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ထားတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော် တို့အကြား ရခိုင်ပြည်နယ် ကျေက်တော်မြို့နယ် ဘက်မှာ ဒီဇင်ဘာ(၂၇)ရက်ကနေ ဒီကနေ့မနက်အထိ(၃)ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခဲ့ပါတယ်။

နှစ်ဖက်တပ်ဖွဲ့တွေအကြား(၃)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ ရခိုင်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ကအခုလိုပြောပါတယ်။

“ကျောက်တော်မှာဆိုရင် ရွှေပြည်သာစည်ရဲ့ အရှေ့ဘက်ပေါ့။ အဲဒီ ရွှေပြည်သာစည်ရဲ့ အရှေ့ဘက်နားမှာ ဖြစ်တယ်။ မနေ့ကလည်း အဲဒီတဝိုက်မှာပါပဲ။ ကျနော်တို့ ရခိုင့်တပ်မတော်ရဲ့ လှုပ်ရှားစစ်ကြောင်းနဲ့ ဒီမြန်မာ့တပ်မတော်ရဲ့ပေါ့နော်၊ ဆကစ (၉) လက်အောက်ခံ ၃၇၅ ကတော့ ဒီကျောက်တော်အခြေစိုက်ပေါ့။ သူတို့နဲ့ ထိတွေ့ပြီးတော့ ကျနော်တို့ တိုက်ပွဲတွေလည်းဖြစ်တယ်။ ဆိုတော့ အဲဒီ ပထမတရက်မှာ သူတို့ နဲနဲ အထိခိုက်များပြီးတော့ ဆုတ်သွားတယ်။ ၂၈ ရက်နေ့မှာ သူတို့ပြန်တက်လာတယ်။ မနေ့ကပေါ့ ၂၈ ရက်နေ့ ဆိုတော့ အဲဒီနေ့ကတော့ ၈ နာရီလောက်ကတည်းက စပြီးတော့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ကတော့ ၁၀ ကြိမ်အထက်မှာရှိတယ်။ ပြီးရင် ဒီကနေ့မနက်ပဲ သူတို့ တချို့ ပြန်ပြီးတော့ အင်အားတွေထက်တိုးပြီးတော့ ထက်တက်လာတော့ ဒီကနေ့မနက် ၇ နာရီမှာ တိုက်ပွဲတွေ စပြီးတော့ ပြန်ဖြစ်နေတယ်ခင်ဗျ။”

(၃)ရက်တာကာလအတွင်း (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်က အခုလိုဆက်ပြောပါတယ်။

“မြေပြင်တပ်မှူးတွေရဲ့ သတင်းပေးချက်အရ သူတို့ မျက်မြင်ကိုယ်တွေ့တွေ့တာတောင်မှ မြန်မာတပ်မတော်ဖက်က အလောင်းပေါင်း ၂၀ နဲ့ ၁ လောင်းပေါ့နော် သူတို့တွေ့တယ်။ အလောင်း ၅ လောင်းကတော့ သူတို့ယူမသွားဘူး။ ဒဏ်ရာရတာကတော့ သူတို့ဖက်ကတော့ ၃၅ ယောက်လောက်ရှိတယ်။ ကျနော်တို့ကတော့ အဲလိုမျိုး ၂ ယောက်- ၃ ယောက်လောက်တော့ ဒဏ်ရာရတယ်။”

အခုလိုဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက် ကျဆုံးမှုများပြားတယ်လို့ ရခိုင်တပ်မတော်ဘက်ကပြော ဆိုခဲ့ပေမဲ့လည်း သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာကျောက်တော်မြို့နယ်နဲ့မြောက်ဦးမြို့နယ်ဘက်မှာ စစ်တပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် တွေကိုပါ အင်အားဖြည့်တင်းထားပြီး လုံခြုံရေးတိုးမြင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်တပ်မတော်ဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ်လိုင်ဇာမှာအခြေပြုပြီး ၂၀၁၄ ခုနှစ်လောက်မှာ ရခိုင်ပြည်နယ်ဒေသအတွင်းကို ဝင်ရောက်လှုပ်ရှားလာခဲ့သလို ပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလမှာ ရခိုင်တပ်မတော်နဲ့ မြန်မာ့တပ်မတော် တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့အပြီး (၈)လတာတိုက်ပွဲ ရပ်တန့်နေရာကနေ အခုလိုတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့တာ လဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ထောင်စြုငိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီကိုဖွဲ့စည်းခဲ့ပြီး တိုက်ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဆောင်နေခဲ့ပေမဲ့ ရခိုင်တပ်မတော်အဖွဲ့နဲ့တော့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် NCAခေါ် တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ တွေ့ဆုံဆွေးနွေး ရာမှာလဲ ရခိုင်တပ်မတော် ကိုးကန့်တပ်ဖွဲ့နဲ့ တအာင်ပလောင်တပ်ဖွဲ့တို့ကို ချန်လှပ်ထားခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ တွေ့ဆုံမှုလုပ်ဆောင်ခြင်းမရှိတာဟာ ငြိမ်းချမ်းရေးနဲ့ပက်သက်ပြီးရိုးသားမှုမရှိဘူးလို့ ရခိုင်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က အခုလိုပြောပါတယ်။

“သူတို့ရဲ့ ကျနော်တို့ ရခိုင်တပ်မတော်ပေါ်မှာ သဘောထားကတော့ နိုင်ငံရေးအရ ချန်ထားလိုမှုတွေကို သူတို့ရဲ့ပြောစကားအရကော၊ လက်တွေ့လုပ်ဆောင်ချက် အရကော ကျနော်တို့တွေ့ရတယ်ဆိုတော့ ဒါ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ သူတို့ ဘက်ကတော့ ဒီကနေ့အချိန်အထိတော့ ရိုးသားမှုမရှိဘူးလို့ပြောလို့ရတယ်။”

NCA ခေါ် တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင်(၈)ဖွဲ့ အပါ အဝင် တပ်မတော်ကိုယ်စားလှယ် အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့စုဖွဲ့ ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကနေ လာမဲ့နှစ်သစ် ဇန်နဝါရီ (၁၂)ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပသွားမှာဖြစ်ပါတယ်။

ညီလာခံတက်ရောက်ဖို့အတွက် ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကို ဖိတ်ကြားခြင်းမရှိသလို ဝတပ်ဖွဲ့UWSAနဲ့ မိုင်းလားတပ်ဖွဲနဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့လည်း ညီလာခံ တက်မတက်ကိုတော့ မဆုံးဖြတ်ရသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG