ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်တွေကို စနေနေ့က ဆက်လက် ကျင်းပရာမှာ အာဂျင်တီးနားအသင်းနဲ့ နယ်သာလန်အသင်းတို့ ဆီးမီးဖိုင်နယ်ကို အသီးသီး တက်သွားကြပြီ ဖြစ်ပါတယ်။
Brasilia မြို့မှာ ကျင်းပတဲ့ ပထမပွဲစဉ်မှာ အာဂျင်တီးနားနဲ့ Belgium အသင်းတို့ ကစားကြတာမှာ အာဂျင်တီးနား တိုက်စစ်မှူး Gonzalo Higuain ပွဲစပြီး ၁၀ မိအကြာမှာ ၁ လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးလိုက်တာ ဖြစ်ပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi က ၂ ဂိုးမရှိနဲ့ အနိုင်ရဖို့အတွက် အခွင့်သာခဲ့ပေမယ့်လည်း သူကန်တဲ့ဘောလုံးကို Belgium ဂိုးသမားက လက်စွမ်းပြပြီး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ပွဲစဉ်တလျှောက် နှစ်ဖက်စလုံး အကြိတ်အနယ် ကစားခဲ့ကြတာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့်လည်း ဂိုးကံခေပြီး အာဂျင်တီးနားက ၁ ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။
Fonte Nova မှာ ကျင်းပတဲ့ နောက်ဆုံး ကွာတားဖိုင်နယ်ပွဲကို နယ်သာလန်နဲ့ Costa Rica အသင်းတို့ ကစားကြရာမှာ နှစ်ဖက်စလုံးက ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရခဲ့ပေမယ့် သတ်မှတ်ချိန် မိနစ် ၉၀ ပြည့်သွားတဲ့အချိန်မှာရော၊ နောက်ပိုင်း ဆက်ကစားတဲ့ အချိန်ပို မိနစ် ၃၀ မှာရော နှစ်ဖက်စလုံးက ဂိုးမသွင်းနိုင်ဘဲ ဖြစ်နေတာပါတယ်။
ပွဲစဉ်တလျှောက် နယ်သာလန်အသင်းက ဘောလုံးရချိန် ပိုများပြီး ဖိဖိစီးစီး ကစားသွားပေမယ့် Costa Rica ဂိုးသမားရဲ့ လက်စွမ်းပြတာရော၊ နယ်သာလန်အသင်း ဂိုးကံခေတာရောကြောင့် ပင်နယ်တီ ကန်ပြီး အဆုံးအဖြတ် ပေးလိုက်ရတာ ဖြစ်ပါတယ်။ ပင်နယ်တီကန်တဲ့အခါမှာတော့ ပွဲပြီးခါနီးမှာ အစားထိုးဝင်လာတဲ့ နယ်သာလန် ဂိုးသမားက Costa Rica အသင်းဖက်က ကန်တဲ့ ပင်နယ်တီ ၂ လုံးကို ကာကွယ်ပေး လိုက်နိုင်တဲ့အတွက် နယ်သာလန်အသင်း ၄ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ရသွားပြီး ဆီးမီးဖိုင်နယ် တက်သွားတာ ဖြစ်ပါတယ်။
ပထမဆီးမီးဖိုင်နယ်ပွဲကို ဘရာဇီးနဲ့ ဂျာမနီအသင်းတို့ ဇူလိုင်လ ၈ ရက်၊ အင်္ဂါနေ့မှာ ကစားကြမှာဖြစ်ပြီး ဒုတိယ ဆီမီးဖိုင်နယ်ပွဲကိုတော့ နယ်သာလန်နဲ့ အာဂျင်တီးနားအသင်းတို့ ဇူလိုင်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။
မှတ်တမ်းဓာတ်ပုံများ။