သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး လက်တင်အမေရိက ပုပ်ရဟန်းမင်းကြီး တင်မြှောက်ခံရ


ပုပ်ရဟန်းမင်းကြီးသစ် Francis I ပထမဆုံးအကြိမ် လူထုကို ထွက်နှုတ်ဆက်စဉ် (၁၃ မတ် ၂၀၁၃)
ပုပ်ရဟန်းမင်းကြီးသစ် Francis I ပထမဆုံးအကြိမ် လူထုကို ထွက်နှုတ်ဆက်စဉ် (၁၃ မတ် ၂၀၁၃)
ရိုမန်ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးသစ်အဖြစ် Pope Francis ကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ရွေးချယ်လိုက်ပြီးတဲ့နောက်၊ ဗာတီကန်ရင်ပြင်မှာ လူအုပ်ကြီးဟာ ပုပ်ရဟန်းမင်းသစ်ကို ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ကာဒီနယ်ဘုန်းတော်ကြီး ၁၁၅ ဦးကနေ ရွေးချယ်ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးသစ်ဟာ ဗာတီကန်ရင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ လူထုပရိသတ်ကို ခန်းမဆောင်ကနေထွက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင်တွေအကြား ညီရင်းအကို စိတ်ထားကြဖို့နဲ့၊ သူရော တာဝန်က အနားယူသွားတဲ့ ပုပ် Benedict ကိုပါ ဆုမွန်ကောင်း တောင်းပေးကြဖို့ မေတ္တာရပ်ခံပါ တယ်။

ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၁၁၅ ဦးပါတဲ့ အဖွဲ့ဟာ တခါးပိတ် စုဝေး မဲပေးကြပြီး၊ ဒုတိယမြောက်နေ့မှာ အာဂျင်တီးနားက ကာဒီနယ်ဘုန်းတော်ကြီး ဟော်ဟဲ မာရီယို ဘဂိုလီယို (Jorge Mario Bergoglio) ကို ပုပ်ရဟန်းမင်းကြီးသစ်အဖြစ် မနေ့က ရွေးချယ် လိုက်ကြတာ ဖြစ်ပါတယ်။

သူဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရတဲ့ ပထမဆုံး လက်တင်အမေရိကတိုက်က ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ ကမ္ဘာရဲ့အခြားတဘက်မှာရှိတဲ့ သူ့ကို ရွေးချယ်ခဲ့ကြတာလို့ ပုပ် Francis က ပြောသွားပါတယ်။

ပုပ်ရဟန်းမင်းသစ်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါတယ်။ အခုလို လက်တင်အမေရိကတိုက်က ပုဂ္ဂိုလ်ကို ရွေးချယ်လိုက်တာကြည့်ရင် အမေရိကားတိုက်ရဲ့ စွမ်းပကားနဲ့ အားအင် ခိုင်မာမှုကို ပြလိုက်တာလို့ ပြောသွားပါတယ်။

ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ၂၂၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သူ က ကာဒီနယ်ဘုန်းတော်ကြီး ဟောဟဲ မာရီယို ဘဂိုလီရို (Jorge Mario Bergoglio) ကို အာဂျင်တီးနားနိုင်ငံမှာ သွားရောက်အခြေချတဲ့ အီတလီလူမျိုး မိဘတွေကနေ ၁၉၃၆ ခုနှစ်က Buenos Aires မြို့တော်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ရိုမန် ကက်သလစ် ကျောင်းတော်အတွက် ပထမဆုံး လက်တင် အမေရိကတိုက်သား ပုပ်ရဟန်းမင်းကြီးက သူ့ကို ပုပ်ရဟန်းမင်းကြီး ပထမမြောက် Francis အဖြစ် ခေါ်ဝေါ် ဖို့ ရွေးချယ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ ချီလီနိုင်ငံ Santiago မြို့တော်မှာ Liberal Art ဘာသာရပ်ကို ဆည်းပူးခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ Buenos Aires Catholic တက္ကသိုလ်ကနေ ဒဿနိကဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာ ဂျက်ဇူဝက် (Jesuits) လို့ အများသိကြတဲ့ Society of Jesus အသင်းတော်မှာ ဘုန်းကြီးဘဝကို ခံယူခဲ့ပါတယ်။ Buenos Aires ရဲ့ Archbishop ဘုန်းတော်ကြီး တာဝန်ကို ၁၉၉၈ ခုနှစ်က စတင်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကာဒီနယ် ဘုန်းတော်ကြီး ဖြစ်လာခဲ့တာပါ။

ကာဒီနယ် ဘုန်းတော်ကြီးဘဝမှာ ရိုးရိုးစင်းစင်းနဲ့ နှိမ်ချပြောဆိုနေထိုင်သူ၊ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားသူ၊ လူမှုအသိုင်းအဝိုင်းထဲမှာ တရားမျှတမှုအတွက် ဆောင်ရွက်သူအဖြစ် ရိုမန် ကက်သလစ်ကျောင်းတော်ရဲ့ ၂၂၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး Francis ကို သိထားကြပါတယ်။

ကမ္ဘာတဝှမ်း ရိုမန်ကက်သလစ် ဘာသာဝင်ပေါင်း ၁ ဒဿမ ၂ ဘီလျံထဲမှာ ကက်သလစ် ဘာသာဝင် အများဆုံးက လက်တင်အမေရိက နိုင်ငံတွေ ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ကက်သလစ် ဘာသာဝင်တွေ အများဆုံး ဖြစ်ပါတယ်။
XS
SM
MD
LG