သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရီဇိုးနား လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အဓိက အပိုင်းတွေ ပိတ်ဆို့ခံရ


အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း အရီဇီုးနားပြည်နယ်က လူဝင်မှု ကြီးကြပ်ရေး ဥပဒေသစ်ပါ အငြင်းပွားဖွယ် အပိုဒ်အများစုကို အမေရိကန် ဖက်ဒရယ် တရားသူကြီးတဦးက ပိတ်ပင် တားမြစ်လိုက်ပါတယ်။ ဒီမတိုင်ခင်တော့ အဲဒီအချက်တွေနဲ့ ပတ်သက်လို့ ဖက်ဒရယ် အစိုးရက မေးခွန်းထုတ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အတွင်း တရားမဝင် ဝင်ရောက်နေတယ်လို့ သံသယ ရှိသူတိုင်းကို တားမြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အထောက်အထားတွေ တောင်းယူ စစ်ဆေးခွင့် ရှိတယ်ဆိုတဲ့ ရဲလုပ်ပိုင်ခွင့်ကို တရားသူကြီးက ပိတ်ပင်လိုက်တာပါ။

အထောက်အထား မရှိတဲ့ ပြည်ပက ဝင်ရောက်သူတွေ အလုပ်ရှာဖွေတာတွေ တရားမဝင်ဖြစ်အောင် ပြည်ပက ဝင်လာသူတိုင်း နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေကို ကိုယ်နဲ့တပါတည်း အချိန်ပြည့် ထားရမယ်ဆိုတဲ့ အချက်ကိုလည်း တရားသူကြီး ဆူဆန် ဘော်လ်တန် (Susan Bolton) က ပိတ်ပင်ထားလိုက်ပါတယ်။ တရားသူကြီး ဘော်လ်တန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနကလည်း ကြေညာပါတယ်။

ဒါပေမဲ့လည်း အရီဇီုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျန် ဘရူဝါ (Jan Brewer) ကတော့ အဲဒီ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဆိုနေပါတယ်။ အရီဇိုးနားပြည်နယ်အတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမား ပြဿနာတွေကို ဖက်ဒရယ် အစိုးရဘက်က မဖြေရှင်းပေးနိုင်ဘူးလို့ သူမက ပြန်စွပ်စွဲပါတယ်။

တရားသူကြီး ဘော်လ်တန် ပိတ်ပင် ဆုံးဖြတ်လိုက်တာ မဟုတ်တဲ့ ကျန်အချက်တွေပါ အဲဒီဥပဒေကတော့ အရီဇီုးနားပြည်နယ်မှာ လာမယ့် ကြာသပတေးနေ့ကစပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG