သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရီဇိုးနား သေနတ်ပစ်ခတ်မှု ၀မ်းနည်းအထိမ်းအမှတ် ကျင်းပ


အရီဇိုးနား သေနတ်ပစ်ခတ်မှု ၀မ်းနည်းအထိမ်းအမှတ် ကျင်းပ

စနေနေ့က သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့သူ ၆ ဦးနဲ့ လွှတ်တော်အမတ်တဦး အပါအ၀င် ဒဏ်ရာရသူတွေကို ဂုဏ်ပြုဖို့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ အရီဇိုးနားပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အရီဇိုးနားပြည်နယ် တူဆန်းမြို့ကို အမေရိကန် သမ္မတ အိုဘားမားဟာ သမ္မတကတော် မီရှဲလ် အိုဘားမား (Michelle Obama)၊ အရီဇိုးနား အမတ်တွေနဲ့အတူ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟာ အရီဇိုးနား စံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ အရီဇိုးနား တက္ကသိုလ်မှာ ကျင်းပမယ့် အောက်မေ့ဖွယ် အခမ်းအနားမှာ မိန့်ခွန်းပြောကြားမှာပါ။ ဒီအခမ်းအနားကို သေဆုံး ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေပါ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်အမတ် ဂါဘရီယယ် ဂစ်ဖို့စ် (Gabrielle Giffords) ဟာ သေနတ်ပစ်ခတ်မှုကြောင့် ဦးခေါင်းဒဏ်ရာနဲ့ ဆေးရုံမှာ ခွဲစိတ်ကုသ ခံယူခဲ့ရပြီး အခြေအနေဟာ အခုထိ စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ သူမရဲ့ အခြေအနေဟာ တဖြည်းဖြည်း ပိုပြီး ကောင်းလာနေပါတယ်လို့ သူမကို ကုသပေးတဲ့ ဆရာဝန်က ပြောပါတယ်။

အောက်လွှတ်တော် အမတ်တွေဟာ သူတို့ရဲ့ ရောင်းရင်း အခုလို တိုက်ခိုက်ခံရတာအတွက် ၀မ်းနည်းကြောင်း ဗုဒ္ဓဟူးနေ့မှာ ဂုဏ်ပြုမှတ်တမ်း တင်ခဲ့ကြပါတယ်။

လွှတ်တော်အမတ် ဂစ်ဖို့စ်ဟာ ကုန်စုံဆိုင်ရှေ့မှာ သူမရဲ့ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံနေချိန်မှာ သေနတ်သမား တိုက်ခိုက်တာ ခံရတာပါ။ သူမနဲ့အတူ ၁၃ ဦးလည်း ဒဏ်ရာရကြပြီး အသက် ၉ နှစ်အရွယ် မိန်းကလေးနဲ့ တရားသူကြီးတဦး အပါအ၀င် ၆ ဦး သေဆုံးခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေကို ဂုဏ်ပြုကြောင်း၊ အမတ် ဂစ်ဖို့စ် ပြန်ပြီး ကျန်းမာဖို့ ဆုတောင်းကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေးနား (John Boehner) က ဆုံးဖြတ်ချက်တစောင် ထုတ်ပြန်ပါတယ်။

အောက်လွှတ်တော် အနည်းစုအမတ် ခေါင်းဆောင် နန်စီ ပယ်လိုစီ (Nancy Pelosi) ကလည်း သေနတ်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာမှာ လူထုကပါ ပါဝင် တုံ့ပြန်မှုဟာ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ အစဉ်အလာကို ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG