သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲသဝေါဒေသ တိုက်ပွဲဖြစ်ဆဲ


ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရတဲ့ DKBA တပ်ဖွဲ့ဝင်များ။ (မေ ၁၀၊ ၂၀၁၂)
ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရတဲ့ DKBA တပ်ဖွဲ့ဝင်များ။ (မေ ၁၀၊ ၂၀၁၂)

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသဘက်မှာ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာ့တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ကနေ ဒီကေဘီအေခွဲထွက်အဖွဲ့ အခြေပြုစခန်းနဲ့ လမ်းကြောတလျှောက်ကို ထိန်းချုပ်နိုင်ပြီလို့ဆိုပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ ဒီကနေ့ ကျုံထော်အထက်နားမှာ ဖြစ်တဲ့ တိုက်ပွဲကြောင့် ဒေသခံ ရွာသားတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ စစ်ဘေးရှောင်တွေနေရပ် ရင်းပြန်ဖို့ မြန်မာအာဏာပိုင်တွေက တိုက်တွန်းနေပေမယ့် လုံခြုံရေး အခြေအနေက နေရပ်ပြန်ဖို့ ခက်ခဲတဲ့ အခြေအနေမှာရှိနေပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာ့တပ်မတော်ပူးပေါင်းတပ်ဖွဲ့တို့ကနေ မဲသဝေါဒေသက ခွဲထွက် DKBA တပ်စခန်း တွေကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တိုက်ပွဲတွေတော့ ဆက်လက်ဖြစ်ပွါးနေပါတယ်။

ဒီကနေ့ မနက်မှာလဲ လှိုင်းဘွဲမြို့နယ် ကျုံထော်အထက်က ထီးကလော့ဖေါ့ရွာမှာ တိုက်ပွဲဖြစ်ပွါးခဲ့သလို ရွာသား(၅၀)ခန့် ကို မြိုင်ကြီးငူစစ်ဘေးရှောင်စခမ်းကို ပို့ဆောင်ဖို့စီစဉ်နေတယ်လို့ ကျုံထော်ဒေသခံတဦးကပြောပါတယ်။

"ထီးကလော့ဖော ရွာအထွက်မှာ အဲ့ဒီ့ဘက်မှာ ဒီမနက် ၈နာရီ ၄၀က ဖြစ်နေတာ။ အခုက လိုက်ပစ်ပြီး ရှင်းနေတာပေါ့။ ကျုံထော်အထက်ပေါ့ ထိခိုက်မှုကတော့ ဘာမှ မသိရဘူး။ အဲ့ဒီ့ ထီးကလော့ဖော့ ရွာသားအယောက်(၅၀)ကျော် ပထမအသုတ် ခေါ်လာတယ်။ ကားတွေနဲ့ပေါ့နော်။ ကယ်ဆယ်ရေးကားတွေနဲ့ အခု ခန်းမဆောင်ကို ခေါ်လာတယ်။ လူစာရင်းတွေ ဘာတွေ လုပ်ဖို့ လုပ်နေတယ်။ အဲ့ဒီ့မှာတော့ ငါးဆယ်ကျော် ကျန်နေသေးတယ်။ ရွာသား။"

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲအပေါ် BGF ပြန်ကြားရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်က အခုလိုပြောပါတယ်။

" ကျနော်တို့ ဒီနယ်မြေရှင်းလင်းရေးအဖွဲ့က မသင်္ကာတဲ့နေရာတွေကို နည်းနည်း ပစ်ရှင်းရှင်းနေတာ။ လောလောဆယ်တော့ လမ်းကြောင်းတလျောက်ပေါ့နော်။ သူတို့ အဖွဲ့တွေ ကွဲပြီးတော့မှ ဆယ်ယောက်တဖွဲ့တို့ သုံးဆယ်တို့ သတင်းတော့ ပေါ်နေ တာပဲ။ မိုင်းခွဲ တာတို့၊ ခြုံခို တိုက်တာတို့ သူတို့လုပ်ဦးမှာပဲလို့ ကျနော်တို့က ကြိုတင်တွေးထားတယ်။"

ကရင်ပြည်နယ် မဲသဝေါဒေသအတွင်းမှာလဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေဆဲလို့ ခွဲထွက်ဒီကေဘီအေအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး စောရဲထက်က အခုလိုပြောပါတယ်။

" ကျနော်တို့ရှိနိုင်မယ်ထင်တဲ့ ကုန်းတွေကို သူတို့ လက်နက်ကြီးတွေနဲ့ လိုက်ပစ်ခတ်နေတယ်။ မနေ့ကဆို ပစ်ခတ်မှုဖြစ်ကြတယ် အသေအပျောက် ရှိတယ် လို့လည်း ကြားတယ်။ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရဘူးပေါ့နော်။ ထိခိုက်မှုရှိတယ်။ မိုင်းရှိတယ်ဆိုတာကိုတော့ သိရတယ်။ မနေ့က ညနေပိုင်းမှာလည်း တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဘက်က သူတို့ပူးပေါင်းတပ်ဖွဲ့ မိုင်းထိပြီးတော့ ၃၊ ၄ ဦး ဒဏ်ရာရတယ်လို့သိရတယ်။ နောက် အဲ့ဘက်မှာ ရွာသားအိမ်သုံးလုံး မီးရှို့သွားတာရှိတယ်။ "

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေအတွင်းနှစ်ဖက်ထိခိုက်ကျဆုံးမှုတွေများပြားနေပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒီတိုက်ပွဲတွေကြောင့် မဲသဝေါဒေသ ကျေးရွာ(၂၀)က ရွာသား(၄၀၀၀)ကျော်ဟာ စစ်ဘေး လွတ်ရာ မြိုင်ကြီးငူဒေသ ဘက်ကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာ မဲသဝေါဒေသကို ကရင်နယ်ခြားစောင့်တပ်BGFနဲ့မြန်မာ့တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ကနေ ထိန်းချုပ်နိုင်ပြီး ဖြစ်လို့စစ်ဘေးဒုက္ခသည် လေးထောင်ကို ကရင်ပြည်နယ်အစိုးရနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကနေ သက် ဆိုင်ရာကျေးရွာတွေ ကို ပြန်ပို့ပေးဖို့ ပြင်ဆင်နေတယ်လို့ BGF ပြန်ကြားရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်က အခုလို ပြောပါတယ်။

"မနေ့ကတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကတော့ လူတွေ နေရပ်ပြန်ဖို့ အတွက်ကို ပြောနေပြီ။ ပြောနေပြီဆိုတာက ဖိအားပေးတာတော့ မဟုတ်ဘူးနော်။ ပြန်ချင်တယ်ဆို ပြန်လို့ရပြီးတော့ အနေအထားမျိုး ကျနော်တို့လည်း အပိုင်းလိုက် အပိုင်းလိုက် ပေါ့ သူတို့ပြန်မယ့် ရွာထဲမှာလည်း ကျနော်တို့ တပ်တွေရှိပြီ။ တပ်မတော်နဲ့ ကျနော်တို့ BGF တွေရှိပြီဆိုတော့ အဲ့မှာ တိုင်းမှူးက အကုန်လုံးကို မှာထားတာပဲလေ။ တိုင်းမှူး တပ်မမှူး အကုန်လုံးကလည်း လက်ရှိသူတို့ရွာသားတွေ ပြန်ရောက်လာလို့ရှိရင် သူတို့သွားလာမယ့် ပတ်ဝန်းကျင်တွေကို ကျနော်တို့က အဓိက မိုင်းရှင်းလင်းရေးကို ဦးစားပေး လုပ်ပေးရမှာပေါ့နော်။"

ဒါပေမဲ့ လက်ရှိမြေပြင်အနေအထားအရ နှစ်ဖက်တိုက်ပွဲ ကာလအတွင်းထောင် ထားတဲ့ မြေမြုတ်မိုင်းတွေရှိနေသေးတဲ့ အတွက် နေရပ်ရင်း ကိုပြန်ဖို့ အဆင်မပြေသေးဘူး လို့ ကျုံထော်ဒေသခံတဦးကပြောပါတယ်။

" မပြေဘူး မိုင်းတွေရှိသေးတယ်။ ဒီမှာတော့ ဘယ်သူမှ မပြန်ဘူး။ မပြန်တဲ့အပြင် ထပ်တိုးလာနေတာလေ။"

ဒီကေဘီအေခွဲထွက်အဖွဲ့တွေအနေနဲ့မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ထောင်ထားတဲ့ဗုံးတွေ မြေမြုတ် ဗုံးတွေကိုနယ်မြေခံ အင်ဂျင်နီယာတပ်နဲ့ တပ်မတော်စစ်ကြောင်းတွေကနေ နယ်မြေရှင်းလင်းခဲ့ရာမှာ ဝါးဘိုးတောင်- ကျုံထော်နယ်မြေ အတွင်း မိုင်းမျိုးစုံ ၂၃၈ လုံး၊ မဲသဝေါပြန့် နယ်မြေ အတွင်း မိုင်းမျိုးစုံ ၃၇၁ လုံး၊ စုစုပေါင်း မိုင်းမျိုးစုံ ၆ဝ၉ လုံးတို့ကို အချိန်မီဖော်ထုတ်ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာ့တပ်မတော်ဘက်က မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုနဲ့ပက်သက်လို့ ခွဲထွက် ဒီကေဘီအေအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး စောရဲထက်က အခုလိုပြောပါတယ်။

" သူတို့ရဲ့ပြောဆိုချက်အပေါ် တုန့်ပြန်ပြောဆိုဖို့ဆိုတာတော့ မရှိပါဘူး။ အေး ဒါပေမဲ့ စစ်မှန်တဲ့ သတင်းအချက်အလက်တွေ ထုတ်ဖို့ပါပဲ။ အဓိက ဗုံးနဲ့ပတ်သက်တဲ့ သတင်းပါပဲ။ ဒီမဲသဝေါဒေသဘက်မှာ စစ်ဆင်ရေးအရ မိုင်းတွေ သုံးခဲ့တာပဲရှိတယ်။ ကရင်ပြည်နယ်ထဲမှာ ကျနော်တို့ သေနတ်ဖောက်နေသေးတဲ့ အချိန်မှာ တနေရာရာမှာ ဗုံးတွေ့တိုင်း ကျနော်တို့ DKBA ပဲ ဟိုနေရာဖြစ် DKBA ဆိုတဲ့အနေအထား ကတော့ ကျနော်တို့ သိပ်လက်မခံချင်ဘူး။ တခါတလေကျတော့ သူတို့ဟာသူတို့လုပ်တယ်။ သူတို့ဟာသူတို့ဖော်တယ်။ သူတို့ဟာသူတို့ မိတယ်။ သူတို့ဟာသူတို့ နာမည်ကောင်းယူတယ်။ သူတို့လုံခြုံရေးယူတဲ့နေရာမှာ ဗုံးလန့်ဖြစ်စဉ်ဆိုပြီး သူတို့ဘာသာ သူတို့လုပ်ပြီး DKBA ခေါင်းစဉ်တပ်မှာပဲ။"

မြန်မာ့တပ်မတော်အနေနဲ့ကတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ မြိုင်ကြီးငူ- မဲသဝေါ ကားလမ်းတစ်လျှောက် (KKO) ကလိုထူးဘောကရင်အစည်းအရုံး ခွဲထွက်အဖွဲ့ အခြေပြုလှုပ်ရှားတဲ့ စခန်းအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်အထိ ထိတွေ့တိုက်ပွဲ စုစုပေါင်း ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည် တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ သကဲ့သို့ (KKO) ခွဲထွက်အဖွဲ့မှ တပ်ရင်းမှူး အဆင့်ရှိသူ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကာ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၇ လက်၊ မော်တော်ယာဉ် ၂ စီး၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၄ စီးနှင့် ကျည်မျိုးစုံ ၁၁၇၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။

မဲသဝေါဒေသ တိုက်ပွဲဖြစ်ဆဲ
please wait

No media source currently available

0:00 0:05:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG