သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းသပိတ်ဖြိုခွဲမှု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဝေဖန်


လက်ပံတောင်သပိတ်စခန်းကို လုံခြုံရေးရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ ဖြိုခွဲနှိမ်နှင်းစဉ်( နိုဝင်ဘာ ၂၉၊ ၂၀၁၂)
လက်ပံတောင်သပိတ်စခန်းကို လုံခြုံရေးရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ ဖြိုခွဲနှိမ်နှင်းစဉ်( နိုဝင်ဘာ ၂၉၊ ၂၀၁၂)
သံဃာတော်အများစု မီးလောင် ဒဏ်ရာရရှိခဲ့ကြတဲ့ အာဏာပိုင်တွေရဲ့နှိမ်နင်းမှုတွေအပေါ် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း သဘောထား အမျိုးမျိုး တုံ့ပြန်ခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရတက်လာပြီး ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်တာကို မြင်တွေ့ရပေမဲ့ တကယ်တန်း အစိုးရကို ထိခိုက်နိုင်တဲ့ လုပ်ရပ်မျိုးဆိုရင် အကြမ်းဖက် ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာကို ဒီအဖြစ်က သက်သေပြနေပြီး အာဏာပိုင်တွေရဲ့ အခု လုပ်ရပ်ကို ရှုတ်ချကန့်ကွက်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက ပြောခဲ့ကြတာပါ။ ဒီအကြောင်း အစုံအလင်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေနီစီမံကိန်းရပ်တန့်ရေး တောင်းဆိုဆန္ဒပြတဲ့ သပိတ်စခန်းကို မြန်မာ အစိုးရက အကြမ်းဖက်ဖြိုခွဲပြီးတဲ့နောက် မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့တိုင်းရင်းသားတွေ ကြားမှာ လည်း ကန့်ကွက်မှုတွေနဲ့ သူတို့ရဲ့သဘောထားတွေကို ပြောဆို လာခဲ့ကြပါ တယ်။ ပြည်ထောင်စု တိုင်းရင်းသားများ မဟာမိတ် UNFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ အခုလို ပြောပါတယ်။

“လက်ပံတောင်းတောင် ကိစ္စကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လက်ရှိအစိုးရကတော့ ရဲရဲတင်းတင်းလုပ်မယ်ဆိုတဲ့ဟာကို သက်သေပြတာပေါ့။ အပြောင်းအလဲတချို့၊ လွတ်လပ်မှု တချို့ ပေးတယ်လို့ ယူဆရပေမဲ့ တကယ့်တကယ် သူတို့ကို ထိခိုက်နစ်နာနိုင်တဲ့ အခြေအနေ မျိုး ရောက်လာလို့ရှိရင်တော့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ဟာကို နမူနာ စပြတဲ့သဘောပါပဲ၊ နောက်နောင် ကျနော်တို့ တပြည်လုံးအတိုင်းအတာ ၈ လေးလုံးလို အရေးအခင်းမျိုးတွေ၊ ၂၀၀၇ လို သံဃာတော် အရေးအခင်းမျိုးတွေ၊ ဒီလို အရေးအခင်း ကြီးကြီးတွေ မပေါ်နိုင်အောင် ဦးချိုးထားတဲ့သဘောလို့ပဲ ယူဆပါတယ်။”

မြန်မာအစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က တနှစ်နီးပါးကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ DKBA ကလည်း လက်ပံတောင်းကိစ္စ ဖြေရှင်းမှုကို လက်မခံနိုင်တဲ့အကြောင်း၊ ငြိမ်းချမ်းရေးကိုပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဗိုလ်မှူးစန်းအောင်က-

“ဆရာတော်တွေ၊ လူထုနဲ့လေ ယဉ်ကျေးသိမ်မွေ့စွာ ဆန္ဒပြတာကို လက်ရှိ အရပ်သားအစိုးရအနေနဲ့ မီးလောင်ဗုံးနဲ့ ပစ်ခတ်တာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါကို ကျနော်တို့ တိုးတက်သော ဗုဒ္ဓ ဘာသာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်အနေနဲ့လည်း အင်မတန်မှ မကျေနပ်ဘူး။ ဒီလို လူမဆန်တဲ့လုပ်ရပ်တွေ လုပ်မယ်ဆိုရင် ကျနော်တို့ ဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးဟာ ကျနော်တို့ မဟာမိတ်တွေအနေနဲ့ ရပ်တန်းက ရပ်ထားလိုက်မယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ဆက် မသွားဘူး။ ဘုန်းတော်ကြီးတွေကို မီးလောင်ဗုံးနဲ့ ပစ်ဖို့ အမိန့်ပေးတဲ့ လူတွေကို လေးနက်စွာ အရေးယူပေးပါ။ အရေးမယူဘူးဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို ရပ်တန်းက ရပ်ပြီးတော့ စောင့်ကြည့် သွားမယ်။ ကျနော်တို့ မဟာမိတ်အသီးသီးနဲ့ပေါ့။ ငြိမ်းချမ်းရေးကို ဆက် မဖော်ဆောင်ဘဲနဲ့ ရပ်ခိုင်းထားမယ်။ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာမှုကို ကျနော်တို့ နိုင်ငံ မှာ နောက်ထပ် နှစ်ပေါင်း ၆၀ ထပ်မနစ်စေချင်လို့ ကျနော်တို့ ထုတ်ဖော်ပြောရခြင်း ဖြစ်တယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းလာပြီးနောက်ပိုင်း ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ် ပေးတာမျိုးနဲ့ မြန်မာဒီုမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေေးကာက်ပွဲမှာ ပါဝင်ပေးခဲ့မှုက မြန်မာ အစိုးအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ရရှိစေခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့တာကလည်း အားသာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပဏမ အပစ်ရပ်နိုင်ရေးကို ရတယ်လို့ UNFC ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးအပေါ်မှာတော့ ကျနော်တို့က သင်ခန်းစာယူလို့တော့ ရတာပေါ့။ ဥပမာ- ဦးအောင်မင်း၊ သမ္မတကြီး ဦးသိန်းစိန် သူတို့ အခြေ အနေပေးလို့ ပြေလည်နေတဲ့ အချိန်မှာတော့ သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေး ရထားသယောင်ယောင် လုပ်နေပေမဲ့ နည်းနည်းလေး အနေအထိုင်မတတ်တဲ့ အဖွဲ့အစည်းတွေ အသွားအလာ လှုပ်ရှားမှုမသင့်တော်တဲ့ အဖွဲ့အစည်းတွေကျတော့ ချုပ်ကိုင်မှု၊ ဖိနှိပ်မှုတွေ ရှိလာ တာကို တွေ့ရတယ်လေ။ ဥပမာ- SSA တောင်ပိုင်းဆိုရင်လည်း တပ်တွေ လှုပ်ရှားမှုလျှော့ဖို့၊ ငြိမ်ငြိမ်နေဖို့ သတိပေးတာ တွေ့ရတော့ အခု ရထားတဲ့ ငြိမ်းချမ်းရေးတွေကလည်း နည်းနည်းလေး သူတို့နဲ့ ထော်လော်ကန့်လန့် ဖြစ်လာမယ်ဆိုရင် လိုအပ်ရင် လိုအပ်သလို ဖိနှိပ်ဖို့ဆိုတာ ဝန်မလေးဘူးဆိုတာလည်း ပြတဲ့သဘောမှာ တွေ့ရတာကိုး။ ပူးပေါင်းမှုကတော့ တလျှောက်လုံး မရှိခဲ့ပါဘူး။ နှစ်ဘက် အကျိုးစီးပွားကို ကြည့်ပြီးတော့သာလျှင် အလျှော့ပေးပြီးတော့ အပေးအယူ လုပ်ပြီးတော့ ပေါင်းနေကြတာကိုး။ ဒါကြောင့် ဒီလို အပစ်အခတ်ရပ်စဲရေးကို သူ့နေရာနဲ့သူပေါ့လေ- အထိုက်အလျှောက် အခွင့်အရေးလေးတချို့ ပေးလာတာ ဖြစ်တယ်။”

လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကလည်း ဆန့်ကျင်ကြောင်း သဘောထားကို ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာပဲ KNU ကရင့်အမျိုးသား အစည်းအရုံးက သဘောထားထုတ်ပြန်ရာမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန်ကျင့်တဲ့ လူထုလှုပ်ရှားမှုကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲတဲ့ကိစ္စဟာ မဖြစ်သင့်တဲ့လုပ်ရပ်အဖြစ် ရေး သားထားပြီး ကချင်ပြည်နယ်တွင်းမှာလည်း ထိုစစ်တွေ ပိုဆိုးလာတဲ့အခြေအနေနဲ့ လူထု ခိုလှုံနေ တဲ့နေရာတွေကို မီးရှို့ဖျက်ဆီးမှုတွေကို ထောက်ပြဝေဖန် ထားပါတယ်။ ဒီအတွက် အမျိုးသား ပြန် လည်သင့်မြတ်ရေး လုပ်ဆောင်နေတဲ့ကာလမှာ ဒီဖြစ်ရပ်တွေအတွက် စိုးရိမ်မကင်း ဖြစ်ကြောင်း ကိုလည်း သဘောထားထုတ်ပြန်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG