သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဆွေးနွေးပွဲကနေ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ဒေသခံတွေမျှော်လင့်


တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူထားသော KIA စစ်သားများကို မြင်တွေ့ရစဉ် (၂၈ အောက်တိုဘာ ၂၀၁၃)
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူထားသော KIA စစ်သားများကို မြင်တွေ့ရစဉ် (၂၈ အောက်တိုဘာ ၂၀၁၃)
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ဖြစ်ထွန်းလာဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်မယ့် ဆွေးနွေးပွဲကို မနက်ဖြန်မှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့မှာ ကျင်းပတော့မှာပါ။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဒေသခံ တိုင်းရင်းသားတွေဘက်ကလည်း မျှော်လင့် ချက်တွေ ရှိနေပါတယ်။ လိုင်ဇာမြို့ကိုရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကိုဇော်ဝင်းလှိုင်က အခု လိုင်ဇာမြို့ကို ရောက်နေပြီဆိုတော့ မနက်ဖြန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆွေးနွေးပွဲ အပေါ်မှာ ဒေသခံလူထုရဲ့အမြင် သဘောထားတွေ ဘယ်လိုတွေ့ရလဲရှင့်။
ဖြေ။ ။ “ဟုတ်ကဲ့။ ယေဘုယျအားဖြင့်တော့ ၂ မျိုးရှိမယ်လို့ ကျနော်တို့ ပြောလို့ရမှာပါ။ ဆွေးနွေးပွဲကို အကောင်းမြင်ကြတဲ့သူတွေ ရှိသလို၊ တချို့ကလည်း ဆွေးနွေးပွဲတွေ များလာပြီးတော့ တိုးတက်မှု မရှိတဲ့အပေါ်မှာ စိတ်ပျက်မိတဲ့ လေသံတွေကိုလည်း ကျနော်တို့ ကြားရပါတယ်။ သူတို့ပြောတဲ့အသံတွေကို အရင် နားထောင်ကြည့်ပါဦး။”

“ကျနော့်အနေနဲ့တော့ အောင်မြင်မှု ရလိမ့်မယ်လို့တော့ ထင်ပါတယ်။ ကျနော် အဲ့လို ယူဆပါတယ်။ ဒါက ဘယ်တော့မှ မလုပ်ဖူးတဲ့ ကျနော်တို့ရဲ့ ဒီ ဘယ်လိုပြောရမလဲ ညီလာခံလို့ ပြောမလား။ တိုင်းရင်းသားတွေရဲ့ ဒီဟာဆိုတော့ အောင်မြင်မယ်လို့တော့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းလည်း ငြိမ်းချမ်းစေချင်ပါတယ်။ ကျနော်အနေနဲ့ကတော့ အဲ့လို ဖြေကြားချင်ပါတယ်။”

ကိုဇော်ဝင်းလှိုင်။ ။ ဒါကတော့ ကချင်ရဲဘော်တဦး ပြောပြသွားတာပါ။ လိုင်ဇာမြို့မှာ တယ်လီဖုန်းနဲ့ တယ်လီဖုန်းအပိုပစ္စည်းတွေကို ရောင်းနေတဲ့ ဆိုင်ရှင်တစ်ဦးကလည်း ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။

“အဲ့ဒါကတော့ ကျမတို့ကတော့ အောင်မြင်ရင် ပိုကောင်းတယ်ပေါ့။ အခုက ဘာဖြစ်လို့လဲဆိုတော့ အခုတလော ဈေးလည်း ရောင်းမကောင်းဘူး။ ဘာအတွက်မှ မကောင်းဘူးလေနော် စစ်တိုက်လို့ရှိရင်။ ကျမတို့လည်း အခုက အဲ့လိုမျိုး ဆွေးနွေးပြီးလို့ရှိရင် လူကြီးတွေ ဆက်ဆံပြီးလို့ရှိရင် မတိုက်ဖြစ်အောင်ပေါ့နော် အစည်းအဝေးပြီးလို့ရှိရင် အဲ့လိုမျိုး မျှော်လင့်ပါတယ်။ ဒီကချင်ပြည်နယ်က လူတွေက အကုန်လုံး ဆင်းရဲပါတယ်။ အရင်တုန်းကဆိုရင်တော့ လမ်းဖွင့်တယ်လေနော့်။ ဈေးရောင်းလည်းကောင်း တယ်။ လူလည်းစည်တယ်။ အခုက သိပ်မကောင်းတော့ဘူး။”

ကိုဇော်ဝင်းလှိုင်။ ။ အခုဆက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သူ ကိုယ်တိုင် တက်ပြီးတော့ နားထောင်ချင်တဲ့ ဆန္ဒရှိတဲ့ ဒေသခံအသံကိုလည်း နားထောင်ကြည့်ပါဦးခင်ဗျ။

“သူတို့ ငြိမ်းချမ်းမှုကို ပြောတာပဲရှိတာပေါ့ဗျာ။ လက်တွေ့ပိုင်း အကောင်အထည်ဖော်တဲ့အခါမှာ ဂဃနဏ ဘယ်လိုလုပ်မယ်ဆိုတာတွေ ပါမလာဘူးလေ။ ငြိမ်းချမ်းရေး ဆွေးနွေးတာပဲလေ။ ဆွေးနွေးပြီး ဆွေးနွေးပြီးမှ မှတ်တမ်းရှိချင်မှလည်းရှိမယ်။ ဆွေးနွေးပြီးသွားတာပဲရှိတယ်။ ဆွေးနွေးပြီး ညနေဆိုရင် စားကောင်းသောက်ကောင်း စားကြမယ်။ ပျော်ပျော်ပါးပါးနဲ့
ပြန်သွားပြီးရင် ဆွေးနွေးပွဲ ပြီးသွားတာပဲလေ။ သူတို့ ဆွေးနွေးတဲ့အခါမှာလည်း အခုခေတ်ကျတော့ Transparency ခေါ်တဲ့ မြင်သာဖို့ ပြောကြတာပဲလေ။ ဒါပေမဲ့ ကျနော် အခု အဲ့ဒီ ဆွေးနွေးပွဲကို ထိုင်ပြီး နားထောင်ချင်တယ်။ ကျနော် ဘယ်သူ့ကို သွားပြောရမလဲ။ ကျနော် အဝေးကြီးကနေ ဒီအစည်းအဝေးကို လာတယ်။ ဒါပေမဲ့ ဘယ်သူ့ကို သွားပြောရမလဲ။ ဒီအစည်းအဝေး တက်ရောက်ဖို့အတွက် ဘယ်အချိန်မှာ ကျနော်တို့က တွေ့ရမလဲ။”

မေး။ ။ ဟုတ်ကဲ့။ ဒီဆွေးနွေးပွဲမှာ အဓိက ဆုံးဖြတ်မယ့်အချက်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေသိထားသေးလဲရှင့်။
ဖြေ။ ။ “အခုအချိန်ထိတော့ ကျနော်တို့ကို တရားဝင် ဘယ်အကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုတာတော့ ကျနော်တို့ မီဒီယာအဖွဲ့တွေကို ဘယ်အကြောင်းအရာတွေ ဆွေးနွေးမယ်ဆိုတာ တရားဝင် သူတို့ဘက်က ပြောလာတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ယေဘုယျ ကျနော်တို့ သိထားရတာကတော့ ဒီဆွေးနွေးပွဲဟာ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ်လို့ ပြောလို့ရတဲ့ ဆွေးနွေးပွဲဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး စုံစုံညီညီ တက်ရောက်ကြတယ်။ အစိုးရမပါတဲ့ ဆွေးနွေးပွဲဖြစ်တယ်ပေါ့။ အစိုးရဘက်က ကိုယ်စားလှယ်တွေ မပါတဲ့ ဆွေးနွေးပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲ ပြီးလို့ရှိရင် သူတို့က ကချင်ပြည်နယ်မှာလည်း ဆက်ပြီးတော့ အစိုးရနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲ ငြိမ်းချမ်းရေးလမ်းစဉ်တွေကို ဆွေးနွေးပွဲတွေ ဆက်မလုပ်ခင်မှာ တိုင်းရင်းသားတွေဘက်က ဘယ်လိုအချက်တွေကို တောင်း ဆိုကြမလဲဆိုတာကို ကြိုပြီးတော့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ကြတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့။ အခု ဒီကချင်ဘက်ကပေါ့နော် မန်စီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ပေါ့လေ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေက ဗန်းမော်မြို့ကို ထွက်ပြေးနေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ရော လိုင်ဇာဘက်မှာ ဘာတွေ ကြားရသေးလဲရှင့်။ ဘာတွေ သိရသေးလဲ။
ဖြေ။ ။ “အဲဒီဟာကတော့ ကျနော်တို့ ဒီဘက်မှာ တိုက်ပွဲသတင်း အခြေအနေတွေနဲ့ ပတ်သက်လို့တော့ လိုင်ဇာမြို့မှာတော့ ဘာမှ မကြားရပါဘူး။ အခု ကျနော်တို့ သိရသလောက်က လိုင်ဇာမြို့ကတော့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်တယ်ဆိုတာလည်း မတွေ့ရပါဘူး။ နောက်တချက်ကတော့ ကျနော်တို့ကိုယ်တိုင်ကလည်း ဒီမှာ အင်တာနက် ဆက်သွယ်ရေးကိစ္စတွေ ဘာတွေကလည်း ခက်ခဲနေတော့ ပြင်ပက သတင်းတွေလည်း မရတာလည်း ပါမှာပေ့ါ။”

ဟုတ်ကဲ့ ကိုဇော်ဝင်းလှိုင်ရေ ကျေးဇူးတင်ပါတယ်ရှင့်။
XS
SM
MD
LG