သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဲ့တိုင်းရင်းသား လက်နက်ကိုင် (၆) ဖွဲ့ တပ်ပေါင်းစုဇွဲ့ရေး သဘောတူ


စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေက တပ်ပေါင်းစု ဖွဲ့စည်းရေးကို သဘောတူညီခဲ့ကြပါတယ်။ ကရင် အမျိုးသား အစည်းအရုံး၊ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ရဲ့ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လျှို့ဝှက် ကျင်းပခဲ့ပြီး တပ်ပေါင်းစု ဖွဲ့စည်းရေး သဘောတူခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲရဲ့ အခြေအနေတွေကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိမ်ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်အောင်လွင်။ ။ ကိုနိုင်ကွန်းအိမ်ရေ… နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လျှို့ဝှက် အစည်းဝေးလုပ်တယ်လို့ ကျနော်တို့ ကြားပါတယ်ခင်ဗျ။ အဲဒါ ဟုတ်ပါသလား၊ သူတို့ ဘာ တွေ ပြောဆိုဆွေးနွေးကြသလဲဆိုတာ ကိုနိုင်ကွန်းအိမ် သိထားသမျှ ရှင်းပြပါခင်ဗျ။

ကိုနိုင်ကွန်းအိမ်။ ။ ဟုတ်ကဲ့။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၆ ဖွဲ့က ထိပ်တန်း ခေါင်းဆောင်တွေပေါ့နော်၊ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၄ ရက်က စပြီး စက်တင်ဘာ ၂၆ ရက် အထိပေါ့၊ ဒုတိယအကြိမ်မြောက်ပေါ့နော်၊ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီ အစည်းအဝေးမှာဆိုရင် တိုင်းရင်းသားတွေနဲ့ တပ်ပေါင်းစု ဖွဲ့စည်းရေးကို အဓိက ထားပြီး ဆွေးနွေးခဲ့တယ်ခင်ဗျ၊ ဒီ ခေါင်း ဆောင်တွေနဲ့ နီးစပ်တဲ့သူတဦးက ပြောတာကတော့ အဲဒီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမြဲတမ်း တွေ့ဆုံနိုင်ဖို့ရယ်။ ပြီးတော့ ကျစ်လျစ်သိပ်သည်းတဲ့ အဖွဲ့အစည်း ဖြစ်သွားဖို့ရယ်။ အရင်ကဆိုရင် တိုင်းရင်းသား အဖွဲ့တွေဟာ သူ့နည်း၊ သူ့ဟန်၊ သူ့ပုံစံနဲ့ပဲ နေလာခဲ့တယ်။ စစ်အစိုးရနေပြီးတော့ နယ်ခြားစောင့်တပ်ကိစ္စ အသွင်ပြောင်းရေး လက်မခံတဲ့ အဖွဲ့ တွေအပေါ်မှာ စစ်ရေးအရ ထိုးနှက်လာမယ်ဆိုရင်လည်း ဒီ တပ်ပေါင်းစုကနေပြီးတော့ ဝိုင်းဝန်း ကူညီ ကြဖို့ ဆွေးနွေးသွားတာ ရှိပါတယ် ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ ဒါဟာ ဒုတိယအကြိမ်ဆွေးနွေးတယ်။ ပထမအကြိမ်က ဘယ်တုံး ကလဲခင်ဗျ၊ ဘယ်မှာ ဆွေးနွေးတာလဲ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဘာတွေ ထူးခြားပါသလဲ။

ကိုနိုင်ကွန်းအိမ်။ ။ ပထမအကြိမ်တုံးက မေလ (၂၂) ရက်နေ့မှာပေါ့နော်။ ဒီ ချင်းမိုင်မြို့မှာပဲ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ပထမအကြိမ်တုံးကဆိုရင် သူတို့ရဲ့ သဘောတူညီချက်ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရယ်၊ ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို တည် ဆောက်ဖို့ရယ်၊ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှုကို တည်ဆောက်ဖို့ရယ်၊ တကယ်လို့ စစ်အစိုးရကနေ စစ်ရေးအရ ထိုးနှက်မယ် ဆိုရင်လည်း အပြန်အလှန်ကူညီပေးဖို့ သဘောတူညီချက်တွေ ရယူထားတာ ရှိပါတယ်။ အခု ဆွေးနွေးပွဲဟာဆိုရင်လည်း ထူးခြားတာ တခု ကတော့ တိုင်းရင်းသားအဖွဲ့က ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေ တက် ရောက်လာတဲ့အတွက် အဲဒီ အရင်တုံးက သဘောတူညီထားတဲ့ဟာကို ပိုပြီးတော့ လေးနက်အောင် ဆွေးနွေးသွားတဲ့သဘောလို့ မြင်ပါတယ်ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ အခု ဆွေးနွေးတဲ့ ၆ ဖွဲ့ဆိုတာ ဘယ်အဖွဲ့တွေလည်း ခင်ဗျ။

ကိုနိုင်ကွန်းအိမ်။ ။ ဆွေးနွေးတဲ့အဖွဲ့ထဲမှာဆိုရင် KNU ကရင် အမျိုးသား အစည်းအရုံးရယ်၊ PNPP ခေါ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရယ်၊ ချင်းအမျိုးသားတပ်ဦးရယ်၊ မွန်ပြည်သစ် ပါတီရယ်၊ KIO ခေါ် ကရင်လွတ်မြောက်ရေးအဖွဲ့ရယ်၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တို့ရယ် ပါဝင်ပါတယ် ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့၊ တခြား ဘာများ ထူးခြားတာတွေ ပြောစရာရှိပါသေးလဲခင်ဗျ၊ ကိုနိုင်ကွန်းအိမ်။

ကိုနိုင်ကွန်းအိမ်။ ။ ဟုတ်ကဲ့။ တိုင်းရင်းသားတွေနဲ့ သူတို့ရဲ့ ဗျူဟာတွေတော့ မပြောင်းဘူး ခင်ဗျ။ သူတို့က ဌာနေ ပြည်သူ့စစ်အသွင်ကိုရော၊ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကိုရော၊ လက်နက်ချတဲ့မူကို ရော သူတို့က လုံးဝလက်မခံဘူးဆိုတဲ့အတွက် သူတို့က အဲဒီလို ဘုံလုပ်ငန်းစဉ်တွေကို လာညှိတယ်လို့ ထင်ပါတယ် ခင်ဗျ။ တပ်ပေါင်းစုဖွဲ့စည်းရေး အခန်းကဏ္ဍမှာ သူတို့ ဘယ်လို လှုပ်ရှားမလဲ၊ သူတို့ ဘယ်လို ဖွဲ့စည်းမလဲ၊ စိတ်ဝင်စားဖို့ ကောင်းပါတယ်ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ ကိုနိုင်ကွန်းအိမ်၊ အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG