လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက အော်တိုမန် တူရကီတွေ သတ်ဖြတ်တာခံခဲ့ရတဲ့ အာမေးနီးယန်းတွေ အတွက် အောက်မေ့ဖွယ်အခန်းအနားကို တက်ရောက် လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို အာမေးနီးယန်း သမ္မတ Serge Sarkisian က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကြီးအတွင်းက အသတ်ခံခဲ့ရသူတွေအတွက် တည်ဆောက်ထားတဲ့ အထိမ်းအမှတ်ဗိမ္မာန်မှာ ကျင်းပတဲ့ အခန်းအနားကို ပြင်သစ်၊ ရုရှား၊ ဆားဗီးယား ခေါင်းဆောင်တွေ တက်ရောက်လာကြတာဖြစ်ပြီး ဖြစ်ပျက်ခဲ့တာတွေကို မေ့မပစ်ပဲ လူသားတန်ဖိုးကို မြှင့်တင်ဖို့ လုပ်ဆောင်မှာဖြစ်ကြောင်း ကတိပြုခဲ့ကြပါတယ်။
အာမေးနီးယန်း အများအပြားနေထိုင်တဲ့ ပြင်သစ်နိုင်ငံက သမ္မတ ဖရန်ဆွာ အော်လန်က တူရကီတွေဟာ အာမေးနီးယန်းတွေကို အဲဒီကမ္ဘာစစ်အတွင်းက သူတို့ရဲ့ ရန်ဘက်ဖြစ်တဲ့ ရုရှားရဲ့ ဘက်တော်သားတွေလို့ ယုံကြည်တာမို့ သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်းပြောပါတယ်။
ရုရှားသမ္မတ Vladimir Putin ကတော့ ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အတွက် မျှတမှု ရအောင် ဘာနဲ့မှ လုပ်ပေးလို့ ရနိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ခေါင်းဆောင်တွေဟာ ဘယ်တော့မှ မေ့မရတဲ့ အထိမ်းအမှတ် အဖြစ် နှင်းဆီပန်း အဝါရောင်တပွင့်စီကို အထိမ်းအမှတ်နေရာမှာ ချပြီး ဂုဏ်ပြုခဲ့ကြတာပါ။ Yerevan မှာ ကျင်းပတဲ့ ဒီအခန်းအနားကို တက်ရောက်လာသူ သိန်းနဲ့ချီရှိတာပါ။
အခုလို အော်တိုမန်တူရကီတွေ အာမေးနီးယားလူမျိုးတွေကို အဲဒီတုန်းက သတ်ဖြတ်ခဲ့တာဟာ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မဟုတ်ဘူးလို့ တူရကီက ငြင်းဆိုပါတယ်။ အာမေးနီးယားတွေဟာ ရုရှားရဲ့ အကူအညီကို ယူပြီး ပြည်တွင်းစစ် ဆင်နွှဲချိန်မှာ သေဆုံးခဲ့ရတာ လို့ ပြောသလို သေဆုံးရသူဟာလည်း တသန်းခွဲ မရှိဘူးလို့ ပြောပါတယ်။