သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဘက်ပို့မယ့် လက်နက်တွေ ထိုင်းမှာဖမ်းမိ 


ထိုင်းမြန်မာနယ်စပ်မှာ ၂၀၂၂၊ ဧပြီလ ၄ ရက်နေ့က ဖမ်းမိတဲ့လက်နက်များ (Thai Police)
ထိုင်းမြန်မာနယ်စပ်မှာ ၂၀၂၂၊ ဧပြီလ ၄ ရက်နေ့က ဖမ်းမိတဲ့လက်နက်များ (Thai Police)


[[Zawgyi/Unicode]]

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်ကနေ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကိုပို့မယ့် စစ်သုံးလက်နက် AK-47 ၁၂ လက်ကို တန်ဆောင်ရမ်းနဲ့ မယ်လမတ်မြို့နယ်တွေမှာ ထိုင်းအာဏာပိုင်တွေ သိမ်းဆည်းမိခဲ့ပါတယ်။ ဒီလက်နက်တွေကို တရားမဝင်ပို့ဆောင်ဖို့ ကြိုးပမ်းမှုမှာ ပတ်သက်နေတဲ့ မြန်မာနိုင်ငံသား စောအောင်စန်းထွေးအပါအဝင် သုံးဦးကို ဖမ်းဆီးထားတယ်လို့လည်း ထိုင်းရဲမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ပို့ဆောင်မယ့် စစ်သုံးလက်နက်တွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကနေ နယ်စပ်မြို့နယ်တခုဖြစ်တဲ့ တာ့ခ်ပြည်နယ်ထဲက မဲလမတ်မြို့နယ်အထိ J&T Express ပါဆယ်ပို့ဆောင်ရေးကုမ္ပဏီဝန်ဆောင်မှုနဲ့ ပါဆယ်ထုတ်ပြီး ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ပါဆယ်ထုတ်အလေးချိန်က သာမန်ထက် ပိုလေးနေတဲ့အတွက် ပါဆယ်ပို့တဲ့ ကုမ္ပဏီက သင်္ကာမကင်းဖြစ်တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြား သတင်းပေးခဲ့ရာက ဧပြီလ ၄ ရက်နေ့မှာ လက်နက် ၇ လက်ကို ဖမ်းမိခဲ့ပါ တယ်။ အဲဒီနောက် လက်နက်တွေ လက်ခံသယ်ယူတဲ့သူတွေရဲ့ နေအိမ်တွေကို ဆက်လက်စုံစမ်းခဲ့ရာကနေ လက်နက် စုစုပေါင်း ၁၂ လက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်နက်တွေ ဖမ်းမိတာနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ရဲချုပ် Akradet Phimonsri က အခုလို ပြောသွားပါ တယ်။

“လက်နက်တွေနဲ့အတူ လက်နက်သယ်ယူပို့ဆောင်တဲ့ တရားခံတွေကို ဖမ်းမိပါတယ်။ ပါဆယ်ပို့နေတဲ့ကုမ္ပဏီကိုသုံးပြီး တရားမဝင်လက်နက်တွေ ပို့ဆောင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ တရားခံ စောအောင်စန်းထွေး နေထိုင်နေတဲ့နေအိမ်ကို ရှာဖွေရင်း နောက်ထပ်လက်နက်တွေကိုပါ ဖမ်းဆီးခဲ့ပါတယ်၊ အဓိက လက်နက်ပွဲစားတွေကိုလည်း ဆက်လက်ဖော်ထုတ်သွားပါမယ်ဆိုပြီး ပြောသွားတာပါ။”

ဖမ်းမိတဲ့ လက်နက်တွေကို မြဝတီမြို့မှာနေထိုင်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဝင်တဦးထံကို ပေးပို့ဖို့ လုပ်ဆောင်ခဲ့ကြောင်း၊ အရင်တုန်းကလည်း အခုလို ပါဆယ်ဝန်ဆောင်မှုနဲ့ မြဝတီဘက်ကို ပို့ဆောင်ပေးခဲ့ကြောင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား စောအောင်စန်းထွေးက ဝန်ခံထွက်ဆိုတယ်ဆိုပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တုန်းကလည်း မဲဆောက်မြို့ မဟာဝမ်စီရင်စု၊ မဲ့ကိုကင်းကျေးရွာ ရပ်ကွက် (၄) အပိုင် သောင်ရင်းမြစ်အနီးက မြက်တောတွေထဲမှာ သေနတ်အသစ် ၇ လက်နဲ့ မှန်ဘီလူးတခု ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်လို့ ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က လက်နက်မှောင်ခိုတွေကနေ ဒုစရိုက်လုပ်ငန်းလုပ်နေတဲ့ အဖွဲ့တွေဆီ လက်နက်တွေ တရားမဝင် ရောင်းချပို့ဆောင်မှုတွေလည်း အရင်က ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

===============
[[Unicode]]









===============

XS
SM
MD
LG