စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲ ကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက စစ်ဆေးရေးဂိတ်တွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ခရီးသွားတွေ၊ ကုန်သည်တွေကပြောပါတယ်။ ဖားအံ၊ ကော့ကရိတ်၊ မြဝတီ လမ်းတလျောက်မှာတင် စစ်ကောင်စီတပ်အပြင် တခြားလက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ် ၂ ဒါဇင်လောက် ရှိနေပြီးဂိတ်ကြေးကောက်ခံတာ၊ ငွေညှစ်တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ကရင်ပြည်နယ်က စစ်ဆေးရေးဂိတ်တွေကြောင့် ကြုံနေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ကရင်ပြည်နယ် ဖားအံ ကော့ကရိတ် မြဝတီစတဲ့လမ်းတလျောက်မှာ စစ်ကောင်စီတပ်နဲ့တိုင်းရင်သားလက်နက်ကိုင်တွေရဲ့ ဂိတ်ပေါင်း ၂၀ကျော်ရှိပြီး စစ်မူ့ထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေအလုပ်လုပ်မယ့်လူငယ်တွေကို လမ်းတလျှောက်တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာဖြစ်ပါတယ်။
ဒီလမ်းတကြောမှာ ဗိုလ်ဘိဦးဆောင်တဲ့ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်အမျိုးသားတပ်မတော်) အဖွဲ့နဲ့ စစ်တပ်က ပူးပေါင်း ဂိတ်ချထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့လူငယ်တဦးက VOA ကိုပြောပါတယ်။
"ကော့ကရိတ်မြဝတီ ကော့ကရိတ်လမ်းတလျှောက်မှာတော့ ဂိတ်ပေါင်း ၂၀ကျော်ချထားပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ဂိတ်တွေကတော့များတယ် ၊ ကျနော်တို့တွေရတဲ့ဂိတ်တွေမှာ စစ်သားတွေက DKBA ယူနီဖောင်းဝတ်ထားပြီး စစ်တယ်၊ စစ်သားတွေ(စကစ)တွေက ကျနော်တို့လူငယ်တွေရဲ့ဖုန်းတွေကိုစစ်ဆေးတယ်၊ ပြီးတော့လူငယ်တွေက စစ်မူ့ထမ်းဖို့နံမည်စာရင်းပါသလားစစ်တယ်၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ပါဝင်ပတ်သက်သလားဆိုတာစစ်ပါတယ်၊ကျနော်တို့လမ်းခရီးသွားတဲ့အချိန်မှာကားသမားတွေက သတိပေးတာမျိုးတော့ရှိပါတယ် ၊လမ်းခရီးမှာစစ်သားတွေက DKBA ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေရှိတယ်ဆိုပြီးသတိပေးတာရှိတယ်။"
ကားသမားတွေကတော့ ဒီလမ်းခရီးက ခရီးသည်တွေဆီက သယ်ယူပို့ဆောင်ခ တသိန်းခွဲထိကောက်ခံနေပြီး လမ်းတလျောက် ကားသမားတွေဆီကလည်း ဂိတ်ကြေးတောင်းခံတဲ့ စစ်ဆေးရေးဂိတ်တွေအများအပြားရှိလာကြောင်း၊ ခရီးသည်တွေထဲ လူငယ်တွေကို စစ်ဆေးမူတွေလည်း ပိုများလာတယ်လို့ လည်း ကုန်သည်တဦးကလည်းပြောပါတယ်။
"ပစ္စည်းပါရင် သောင်းဂဏန်းယူတယ် ပစ္စည်းမပါရင်လူတွေချည်းပဲဆိုရင် တဂိတ်မှာ ၂ထောင် ၃ထောင်လောက်ယူတယ် ။ ပစ္စည်းပါရင်တော့သောင်းဂဏန်းထိယူတယ် ၂သောင်း ၃သောင်း ၅သောင်းထိတောင်းပါတယ်။"
စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးကြရတဲ့လူငယ်တွေထဲမှာ စစ်တပ်ရဲ့အသိုင်းအဝိုင်းတွေလည်းပါဝင်ကြပြီး တချို့လည်း ထိုင်း မြန်မာနယ်စပ်ဘက်ကိုတိမ်းရှောင်လာနေကြပါတယ်။ ဒီအုပ်စုတွေကိုတော့ စစ်ဆေးရေးဂိတ်တွေက သေချာစီစစ်တာမလုပ်ဘူးလို့လည်း မျက်မြင်တွေ့ရသူကပြောပါတယ်။
"အခုလက်ရှိပြေးလာတဲ့သူတွေထဲမှာတော့စစ်တပ်နဲ့ပတ်သက်တဲ့ သူတွေလည်းပါမယ်လို့ယူဆပါတယ် တချို့ကားတွေကိုကျတော့ ဘာမှ အစစ်ဆေးမရှိတာတွေလည်းရှိတယ် ခေါ်ယူစစ်ဆေးတာမရှိဘူး တချို့ကားတွေကျတော့ အေးအေးဆေးဆေးသွားလာတာလည်းရှိတယ်။"
စစ်ကောင်စီကတော့ ကော့ကရိတ်မြဝတီလမ်းပိုင်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးစားနေပြီး နယ်ခြားစောင့်တပ်နဲ့ခွဲထွက် DKBA တပ်တွေကို သုံးပြီး စစ်ပစ္စည်းတွေနဲ့ ရိက္ခာသယ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အာရှလမ်းကိုတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေပြင်းထန်ချိန် ၂၀၂၃ခုနှစ် နိုဝင်ဘာလကနေ အရပ်သားတွေ သွားလာခွင့်မပြု ပိတ်ပင်ထားကြောင်း KNU ဘက်က ကြေညာထားတာပါ။ ဒီလို အာရှလမ်းမကနေ သွားခွင့်မပြုထားတာကြောင့် တခြားလမ်းတွေကနေ ကုန်စည်စီးဆင်းမူတွေ ခရီးသွားလာမူ့တွေလုပ်နေရချိန် လမ်းတလျောက် စစ်ဆေးရေးဂိတ်တွေ များလာသလို ဂိတ်ကြေးတိုးတောင်းတာတွေလည်း ပိုတိုးလုပ်ဆောင်လာတာဖြစ်ပါတယ်။
Forum