သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘက် သတင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ မီဒီယာ တောင်းဆို


မြန်မာ့တပ်မတော်။
မြန်မာ့တပ်မတော်။

စစ်ရေးဆိုင်ရာ သတင်းတွေ ပိုပြီး ပွင့်လင်းမြင်သာအောင် ထုတ်ပြန်ဖို့ ဒီကနေ့ မြန်မာ့ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းထောက်တွေက တောင်းဆို ခဲ့ကြပေမယ့် တပ်မတော်ဘက်ကတော့ တိကျတဲ့ အဖြေမပေးနိုင်ခဲ့ပါဘူး။ စစ်အုပ်ချုပ်ရေးအပြီး သတင်းမီဒီယာတွေနဲ့ ဆက်ဆံဖို့ ကြိုးစား လာတဲ့ မြန်မာ့ တပ်မတော်ဟာ ဝါဒဖြန့်တဲ့ သတင်းတွေကိုသာ ထုတ်ပြန်ပေးနေဆဲ ဖြစ်ပြီး ပွင်းလင်း လွတ်လပ်လာတဲ့ အနေအထား မရှိသေးဘူးလို့ သတင်းထောက်တွေက ဝေဖန် ပါတယ်။ တပ်မတော်ဘက်ကတော့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ လျို့ဝှက်ချက် အကြောင်းပြခဲ့တယ်လို့လည်း ဒီကနေ့ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူတို့က ပြောပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြ ထားပါတယ်။

မြန်မာ့ စစ်ရေး သတင်းတွေ ပိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့အတွက် သတင်းစာတိုက်တွေက ကိုယ်စားလှယ်တွေကကြာသပတေးနေ့မှာတပ်မတော် ကိုယ်စားလှယ်တွေကို တောင်းဆိုခဲ့ကြပေမယ့် တပ်မတော်ဘက်ကတော့ တိကျတဲ့ အဖြေမပေးနိုင်ခဲ့ပါဘူး။

စစ်ရေးဆိုင်ရာ သတင်းတွေကို အတည်ပြုချက်ပေးဖို့ ထုတ်ပြန်ပေးဖို့ ဆိုတာကို နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြခဲ့တယ်လို့ တပ်မတော်နဲ့ သတင်းမီဒီယာများ အလုပ်ရုံ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ သမဂ္ဂ သတင်းဂျာနယ်က မရွှေမှုန် က ပြောပါတယ်။

"နိုင်ငံတော်အတွက်ပေါ့နော် ဒါ လုံခြုံစိတ်ချအောင်ပေါ့ ထားတဲ့ Information တွေပေါ့။ အဲ့လို ပေါ့ တိုက်ပွဲမှာ ဆိုလို့ရှိရင် သူတို့ပြောပြတဲ့ အကြောင်းပြချက်ကတော့ မြဝတီဝဘ်ဆိုက်ဒ်မှာ တင်တယ်ပေါ့ အဲ့ဒီ့ကနေပြီးတော့ ကြည့်ပါပေါ့။ ကျမတို့အတွက်ကလည်း ကြည့်ရုံနဲ့တင် မပြီးဘူးလေ။ ကျမတို့ကို အတည်ပြုချက်ယူပြီး ဖြေပေးမယ့်သူတွေပေါ့။ အဲ့လိုပေါ့ ကျမတို့ဘက်က တောင်းဆို တယ် ပြောတယ်။ ဒါပေမဲ့ သူတို့ဘက်က ကျတော့ ပြည်နယ်အတွင်းမှာ ကိုယ့်နိုင်ငံတွင်းမှာ ဖြစ်တဲ့ဟာ ကျတော့ နှစ်ဦးနှစ်ဘက်အတွက် မကောင်းဘူးပေါ့နော်။ အဲ့လိုပေါ့။ အဲ့ဒီ့မကောင်းတဲ့အတွက်ကို ဓာတ်ပုံတွေ ဆိုလို့ရှိရင်လည်း မတတ်သာလို့ တင်ပေးခဲ့ရတာလည်း ရှိခဲ့ဖူးတယ်ပေါ့။ တချို့သတင်းတွေကိုပေါ့ တချို့ဟာတွေမှာကျ ပဋိပက္ခ ဖြစ်ပွားစေမှာစိုးလို့ ဒါတွေကို မတင်ဘူးပေါ့နော်။"

ဆယ်စုနှစ်တွေနဲ့ချီပြီး နိုင်ငံအာဏာကို ရယူခဲ့ပြီး အခုအရပ်သား အစိုးရ လက်ထက်မှာလည်း နိုင်ငံရေး အာဏာကို ဆက်လက် ရယူထားဆဲ ဖြစ်တဲ့ မြန်မာ တပ်မတော်ဘက်က သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး တရပ်ကို ထူထောင်ခဲ့ပြီး တပ်မတော် သတင်းတချို့ကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီကနေ တဆင့် ပေးပို့နေတာပါ။

ဒါပေမယ့် ဒီအချက်ကလည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ရေး ပိုပြီး ပွင့်လင်းလာတယ်လို့ မဆိုနိုင်ဘဲ ဝါဒဖြန့် သတင်းတွေ ပေးတဲ့ အဆင့်ဘဲ ရှိနေသေးတယ် လို့ ဝါရင့်သတင်းစာ ဆရာ တဦးဖြစ်တဲ့ ဦးကျော်ရင်မြင့် က ပြောပါတယ်။

"ဝါဒဖြန့်ဖို့ ဒါမှမဟုတ် သူတို့ပြသနာတခုခုကို ပြည်သူလူထုကို အရင်အစိုးရတုန်းကလို ဖြေရှင်းဖို့ပါပဲ ကိုပါကြီးကိစ္စ ဖြေရှင်းထားတာတွေ ကြည့်လိုက်လို့ရှိရင် သူတို့ရဲ့ လုပ်ပုံကိုင်ပုံကို မြင်သာပါတယ်။ အဲ့ဒီ့လို သတင်းမျိုးပဲ တွေ့ရပါတယ်။ အမှန်တကယ် ပြည်သူလူထု သိချင်တဲ့ မီဒီယာက ဖော်ပြချင်တဲ့သတင်းမျိုးတော့ တပ်ဘက်က ထုတ်ပြန်ပေးနိုင်တာမျိုး မေးရင် ဖြေပေးတာမျိုး ကျနော် မတွေ့ဖူးသေးပါဘူး။"

မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ၊ နောက် လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုတွေ ရှိတယ်လို့လည်း ပတ်သက်လို့လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက တောက်လျှောက် ဆိုသလိုဘဲ စွပ်စွဲ ပြောဆိုလာခဲ့ကြတာပါ။ ဒီလို စွပ်စွဲမှုတွေ ထွက်ပေါ်လာတိုင်းလည်း မြန်မာ့တပ်မတော်ဘက်က တရားဝင် ဖြေရှင်းလေ့ မရှိပါဘူး။

ဒီလို အခြေအနေမျိုးမှာဘဲ ပြည်တွင်း သတင်းမီဒီယာတွေဘက်ကလည်း တပ်မတော် သတင်းတွေနဲ့ ပတ်သက်လို့ သိပ်ကို သတိထား ရေးသားရတယ်လို့လည်း ဝါရင့် သတင်းစာ ဆရာ ဦးကျော်ရင်မြင့်က ပြောပါတယ်။

" လုံးဝ မရှိပါဘူးခင်ဗျာ။ ဟိုတလောကပဲ ပြည်သူ့ခေတ်မှာ ကျနော်တို့ ဆောင်းပါးရှင်တယောက် ရေးထားပါတယ်။ ကျနော်တို့ သတင်းသမားတွေ အကြောက်ဆုံးကတော့ တပ်ရယ်၊ သံဃာတော်များရယ်၊ အဲ့ဒီ့သတင်းတွေက ကိုယ့်အတွက် အရမ်း အရမ်းကို အန္တရာယ်ကြီးတယ်လို့ မြင်ထားပြီးတော့ မှ တော်တော်ကြီးကို ဆင်ဆင်ခြင်ခြင် လုပ်ရတဲ့အပိုင်းမှာ ရှိနေပါတယ်။"

ကြာသပတေးနေ့ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတဲ့ သတင်းထောက်တွေက ပြည်နယ်နဲ့ တိုင်းအလိုက် စစ်ရေးသတင်းတွေကို အတည်ပြု ဖြေကြားပေးနိုင်မယ့် တပ်မတော် ကိုယ်စားလှယ်တွေ ထားရှိပေးဖို့ တောင်းဆိုခဲ့တာကိုလည်း ကာကွယ်ရေး ဝန်ကြီးဌာနဘက်က မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တပ်မတော်ကိုယ်စားပြု ပြန်ကြားရေး တာဝန်ခံ တဦး ထားရှိပေးရေး ကိုတော့ စဉ်းစားပေးမယ်လို့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အဖြစ် သတင်းထောက်တွေနဲ့ ဆွေးနွေးခဲ့သူ ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောဆိုခဲ့တယ်လို့လည်း အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတို့က ပြောပါတယ်။

XS
SM
MD
LG