သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ကတင်တဲ့ ဒုသမ္မတ လူကြိုက်နည်း


ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ကို ဒုတိယသမ္မတအဖြစ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ဒုသမ္မတလောင်းတွေကို မဲခွဲရွေးချယ်ခဲ့တဲ့ ဒီကနေ့မှာ အခုလို အမည်စာရင်း တင်သွင်းလိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးပါလဲ။ ဒီအကြောင်း ကိုအောင်အောင်က စုံစမ်းမေးမြန်း တင်ပြပေးထားပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဒုသမ္မတလောင်းတင်သွင်း
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဒုသမ္မတလောင်းတင်သွင်း

ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ ဆင်ဖြူရှင်ခန်းမမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတရွေးချယ်ပွဲ အခမ်းအနားကို ကျင်းပပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေ ကို ဒုသမ္မတအဖြစ် အမည်စာရင်း တင်သွင်းလိုက်တာပါ။ ဒီအခမ်းအနားကို တပ်မတော်သားကိုယ်စားလှယ် အားလုံး တက်ရောက်ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုလို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ဦးမြင့်ဆွေနဲ့ ပါတ်သတ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းဘက်ကတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက လွှတ်တော်တွင်းက သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

" ကျမတို့ ပြီးခဲ့တဲ့ လွှတ်တော် ငါးနှစ်သက်တမ်းမှာ အလုပ်လက်တွဲပြီး လုပ်လာတဲ့အပိုင်းတွေမှာ ကျမတို့က ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှုတို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှေးရှု့ပြီးတော့ မေးခွန်းတွေမေး တယ်။ အဆိုတွေ တင်တယ်ပေါ့နော်။ ဒါပေမဲ့ အစိုးရအဖွဲ့ကိုဦးဆောင်တဲ့ သူတယောက်အနေနဲ့ ဒီလိုဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာ အင်မတန်ကို အားနည်းပြီးတော့ မေးတဲ့မေးခွန်းတွေကို မသိချင်ဟန်ဆောင်တာတွေရှိတယ်။ တခါ မီဒီယာတွေ သိချင်တဲ့ကိစ္စတွေ လူပြောသူပြောများတဲ့ ကိစ္စတွေဆိုလို့ရှိရင် မသိသလိုပဲ နေပြီးတော့ ခပ်တည်တည်ပဲ နေတတ်တဲ့ သဘောတွေရှိတယ်ပေါ့။

နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ သဘောထားတင်းမာတဲ့ သဘောထားရပ်တည်သူအနေနဲ့ သူက ရှိခဲ့တယ်။"

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဦးမြင့်ဆွေ
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဦးမြင့်ဆွေ

ဒါ့အပြင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ လွန်ခဲ့တဲ့နှစ်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လက်ပတ်နီဝတ်တွေက အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့ကိစ္စနဲ့ ပါတ်သတ်ပြီးတော့လည်း ဒါဟာ ဥပဒေကြောင်းအရ လုပ်တာဆိုပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဦးမြင့်ဆွေက ဖြေရှင်းခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ဒီလို အနေအထားအောက်မှာပဲ ဦးမြင့်ဆွေဟာ အရင် တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ နဲ့ ရင်းနှီးသူဖြစ်တယ်လို့လည်း သုံးသပ်မှုတချို့ ရှိနေပါတယ်။ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်းအယ်ဒီတာချုပ် ကိုသက်ဇင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

"ဦးမြင့်ဆွေကို အရင်တခေါက်က ဒုတိယသမ္မတ တင်ဖို့ စီစဉ်သေးတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် (၅၉ စ) နဲ့ ညိပြီးတော့ မရဘူးပေါ့။ အာဏာရှင်ဟောင်းဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ အဓိက အားကိုးရတဲ့သူဖြစ်တယ်လို့ ကျနော်တို့ လေ့လာတွေ့ရတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးလေ့လာသူတွေကလည်း အထပ်ထပ်အခါခါပြောကြတယ်။ သူ့ကိုရွေးလိုက်တာဟာ ဗိုလ်ချုပ်မှူုးကြီးသန်းရွှေ လက်ရှိစစ်တပ်ပေါ်မှာ တစုံတရာ လွှမ်းမိုးမှုများ ရှိသလားဆိုတာ သံသယဖြစ်စရာဖြစ်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးထင်ကျော်နဲ့ ဦးဟန်နရီဗန်တီးယူတို့ကို ဒုတိယသမ္မတတွေ အဖြစ် အဆိုတင်သွင်းပြီးနောက် ဒီကနေ့ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု၊ အများက လေးစားရလောက်တဲ့ အရည်အချင်းအပြင် တိုင်းရင်းသားတွေရဲ့အခွင့်အရေး အပေါ် လေးစားမှုရှိကြောင်း ပြသတဲ့ အနေနဲ့ သူတို့ ၂ ဦးကို ရွေးချယ်လိုက်တာလို့ NLD ပါတီဘက်ကတော့ ပြောဆိုထားတာပါ။

တပ်မတော်သားကိုယ်စားလှယ်တွေ တင်မြှောက်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေရဲ့ အနေအထားကရော ဘယ်လောက်အထိအောင် လွှမ်းမိုးမှုရှိနိုင်ပါလဲ။

နိုင်ငံရေးလေ့လာသုံးသပ်တဲ့ ဆောင်းပါးတွေရေးနေတဲ့ ကိုဝက-

" ဦးမြင့်ဆွေဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ ကာလ အတွင်းမှာ ထူးခြားတဲ့ လုပ်ဆောင်မှုဆိုလို့ ပြောပလောက်အောင် မရှိခဲ့ဘူး။ တိုင်းပြည်လူထုက အားတခုအနေနဲ့ မျှော်လင့်ချက်ထားနိုင်တဲ့သူမျိုး စိတ်ဝင်စားနိုင်တဲ့သူမျိုးတော့ မဟုတ်ဘူးလို့ ဒါ ကျနော် နိုင်ငံရေး အရတော့ ပြောနိုင်ပါတယ်။"

ရန်ကုန်တိုင်းလက်ရှိဝန်ကြီးချုပ်ဦးမြင့်ဆွေ
ရန်ကုန်တိုင်းလက်ရှိဝန်ကြီးချုပ်ဦးမြင့်ဆွေ

လွန်ခဲ့တဲ့ မတ်လ ၉ ရက်နေ့တုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ လမ်းကြောင်း ဒုတိယအဆင့်မှာ လက်ရှိအခြေအနေကနေ ယိမ်းယိုင်မှုကို လက်မခံနိုင်ဘူး လို့ ပြောကြားပြီးနောက်ပိုင်း ဦးမြင့်ဆွေကို အခုလို ရွေးချယ် တင်မြှောက်လိုက် တာကြောင့် သူဟာ တပ်မတော်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင် မယ့်သူ တဦးအဖြစ်လည်း သုံးသပ်မှုတချို့ ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေဟာ တပ်မမှူး၊ တိုင်းမှူးနဲ့ တပ်မတော် လုံခြုံရေးရာ ကောင်စီ ဥက္ကဋ္ဌ တာဝန်အပြင် တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ရဲ့ အဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွါးခဲ့တဲ့ သံဃာတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နင်းရာမှာလည်း အဓိကတာဝန်ရှိသူတဦးအဖြစ် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

XS
SM
MD
LG