တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို ကျန်လက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးနိုင်ဖို့ဆိုရင် တပ်မတော်သဘောထား အခုထက် ပိုပြီး ပျော့ပျောင်းဖို့လိုတယ်လို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီက ပြောကြားလိုက်ပါတယ်။ NCA စာချုပ်ကို လက်မှတ်ရေးထိုးမှသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာဖြစ်တယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ ကာလအတွင်း ညီလာခံပူးတွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတွေက ပြောကြားခဲ့တဲ့အပေါ် ခုလို တုန့်ပြန်လိုက်တာလဲ ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြပါမယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံးအပစ်ရပ်ရေး NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးမှသာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာဖြစ်တယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့အပြီး သတင်းစာရှင်းလင်းပွဲမှာ ပင်လုံညီလာခံ ပူးတွဲ ကျင်းပရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးက သတင်းထောက်တွေရဲ့အမေးကို ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာ့ တပ်မတော်ဖက်က ဦးသိန်းစိန် အစိုးရလက်ထက် ချုပ်ဆိုခဲ့တဲ့ NCA စာချုပ်ကို အသေစွဲကိုင်ထားပြီး၊ ပြုသာပြင်သာ မရှိတာကြောင့် သူတို့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ NCA စာချုပ် လက်မှတ်ရေးထိုးရေးကိစ္စမှာ အခက်အခဲဖြစ်နေကြောင်း UNFC တပ်ပေါင်းစုရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ UNFC တွဲဖက်အတွင်းရေးမှူးလဲဖြစ်တဲ့ ဦးထွန်းဇော်က ပြောပါတယ်။
“အဲဒီ NCA ဆိုတာကြီးက ကျနော်တို့ အတူတကွ ပြုစုခဲ့ကြတဲ့ စာချုပ်ကြီးဖြစ်တယ်လေ ။ NCA နဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က မြင်တဲ့အမြင်တွေသဘောထားတွေကို အခုလက်ရှိ ရွှေ့လျားလာတဲ့ကာလမှာ ထပ်တင်ပြတယ်။ အဆိုပြုချက် ၈ ချက်ဆိုတာက နည်းနာပေးတာဖြစ်တယ်။ ဒီနည်းလမ်းနဲ့ဆိုရင် NCA အဆင့်ကိုကျနော်တို့ ကျော်လို့ရတယ်။ တဘက်ကတော့ တုန့်ပြန်တာပေါ့ဗျာ NCA ဆိုတာကြီးက အားလုံးပါဝင်မှုမရှိခဲ့လို့ လက်မှတ်မထိုးရတာဖြစ်တယ်။ ဆိုတော့ အားလုံးပါဝင်မှုကို လက်ခံသလားဆိုတော့လည်း အားလုံးပါဝင်မှုကို လက်မခံသေးဘူး ။ ဒီကိစ္စတွေကို နည်းလမ်းရှာရမယ်။ နည်းလမ်းရှာ လို့ရတယ်ဆိုရင် အဖြေရှိမယ်။ အဖြေရှိတယ်၊ အဖြေရှိမယ် ဆိုရင် ကျနော်တို့ ရှေ့ဆက်သွားနိုင်မယ် ။ အစိုးရဘက်ကတော့ အားလုံးကို အရာရာတိုင်းကို ညှိနှိုင်းလို့ရတယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါပေမယ့် တပ်မတော်ဘက်က ကျတော့ ညှိနှိုင်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ NCA အပေါ်မှာ သူက အသေဆုပ်ကိုင်ပြီးမှ ရပ်တည်နေတယ်ပေါ့လေ။”
NCA ကို လက်မှတ်ထိုးဖို့ဆိုရင် အချက် ၈ ချက် သဘောတူရမယ်လို့ UNFC တပ်ပေါင်းစုက အစိုးရကို တင်ပြအကြံပြုထားပါတယ်။ အဲဒီထဲမှာ စစ်ရေးဆိုင်ရာ ၄ ချက်၊ နိုင်ငံရေးဆိုင်ရာ ၃ ချက်နဲ့ တိုင်းရင်းသားနယ်မြေအတွင်း လုပ်ပိုင်ခွင့်ဆိုင်ရာ ၁ ချက် စုစုပေါင်း ၈ ချက်ဖြစ်ပါတယ်။ နိုင်ငံရေးတောင်းဆိုချက်ထဲမှာ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုတဲ့ အာမခံချက်အပါအဝင်၊ ၂၁ ရာစုပင်လုံညီလာခံတွေကနေ ပေါ် ထွက်လာတဲ့ အချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးတွေ ပါဝင်ပါတယ်။
အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်မထိုးခင်မှာ တပ်မတော်ဖက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေဖက်ကပါ ယာယီအပစ်ရပ်စဲကြောင်း နှစ်ဖက်စလုံးက ကြေညာပေးဖို့ UNFC ဖက်က တောင်းဆိုခဲ့ပေမယ့် မြန်မာ့တပ်မတော်ဖက်ကတော့ လက်မခံခဲ့ဘူးလို့ UNFC ဦးထွန်းဇော်က ရှင်းပြပါတယ်။
“ ဒေါက်တာ တင်မျိုးဝင်းအနေနဲ့ တရားဝင် တုန့်ပြန်ထားတာရှိပါတယ်။ တနိုင်ငံလုံး အပစ်ရပ်စဲကြောင်းကို ကြေညာဖို့ဆိုတာ ယခင် NCA စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တုန်းကလည်း အဲဒီလိုမရှိခဲ့ဘူးပေါ့နော်။ မရှိတဲ့အတွက် အခုလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ နဲ့လည်း အဲဒီလိုလုပ်ဖို့ဆိုတဲ့ သဘောထားကတော့ သူတို့ဘက်မှာတော့ မရှိသေးဘူးဆိုတဲ့ သဘောထားမျိုး တုန့်ပြန်ထားပါတယ်။ ဒါကတော့ ကျနော်တို့ ဆက်ညှိရမယ့် သဘောတော့ရှိပါတယ်။ တနိုင်ငံလုံး အပစ်အခက်ရပ်စဲရေးကို တပ်မတော်ဘက်က ကြေညာဖို့လိုတယ်။ ကြေညာတဲ့အခါမှာ ကျနော်တို့ကလည်း ကာယကံရှင်အဖွဲ့အစည်းတွေအနေနဲ့ ကြေညာပေးမယ်။ သို့မဟုတ် အချိန်ကာလတခု သတ်မှတ်ပြီးတော့ တပြိုင်တည်း ကြေညာ အဲဒါလည်းဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ဆိုရင် ထိုးစစ်တွေမရှိဖို့လိုတယ်။”
ဦးသိန်းစိန် အစိုးရလက်ထက် NCA စာချုပ်ကို လက်နက်ကိုင် ၈ ဖွဲ့သာ လက်မှတ်ထိုးခဲ့ပြီး၊ ကျန် ၉ ဖွဲ့ကတော့ လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ခွင့်မရတာကြောင့် ဆိုတဲ့အချက်ကြောင့် လက်မှတ်မထိုးခဲ့ကြတာပါ။ အခုထိလဲ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ တအာင်းပလောင်၊ ကိုးကန်နဲ့ ရခိုင့်တပ်မတော် အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပါ့မယ်ဆိုတဲ့ အာမခံချက်ပေးမှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့် ရမယ်ဆိုပြီး တပ်မတော်ဖက်က ကန့်သတ်ထားပါတယ်။ ဒါဟာ အလုပ်မဖြစ်တဲ့နည်းလမ်းဟောင်းသာဖြစ်တယ်လို့ ဦးထွန်းဇော်က ဝေဖန်လိုက် ပါတယ်။
“နည်းလမ်းဟောင်းဆိုတာက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့အတွက် ဗိုလ်ချုပ်ကြီးနေဝင်း စကတည်းကနေ သုံးခဲ့တဲ့ နည်းနာပါပဲ။ အဲဒီတုန်းကလည်း အလုပ်မဖြစ်ခဲ့ဘူး။ အလုပ်မဖြစ်ခဲ့တဲ့ နည်းနာကို အခုပြန်သုံးတယ်ဆိုတော့ ကျနော်ထပ်ပြီး အလုပ်ဖြစ်မယ်လို့ မမြင်ပါဘူး။ အဲဒီ ၃ ဖွဲ့ကိုမှ ကွက်ပြီးတော့မှ လက်နက်ကိုင်လမ်းစဉ်စွန့်ရမယ်ဆိုပြီးတော့မှ နည်းလမ်းဟောင်းကို ကျင့်သုံးရင်တော့ အလုပ်ဖြစ်မယ့် လက္ခဏာမဆောင်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ အလုပ်မဖြစ်လို့လဲ ဒီအနေအထားရောက်နေတာပေါ့လေနော်။ အဲဒါကြောင့် အားလုံးတန်းတူညီတူရှိရှိနဲ့ ဂုဏ်သိက္ခာ ရှိရှိလုပ်ဖို့တော့လိုပါတယ်။”
သြဂုတ်လအကုန် စက်တင်ဘာလအစမှာ ၂၁ ရာစုပင်လုံညီလာခံကို နေပြည်တော်မှာ ၄ရက်ကြာကျင်းပခဲ့ပြီး၊ နိုင်ငံရေးမူဘောင်ကို လာမယ့် တလလောက်အတွင်း အပြီးရေးဆွဲနိုင်ဖို့ အစိုးရဖက်က ကြိုးပမ်းနေပါတယ်။ အဲဒီလို မူဘောင်ရေးဆွဲပြီးရင်တော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်အလိုက် မြို့နယ်တွေမှာကျင်းပသွားမှာဖြစ်ပြီး၊ နောက်ထပ် ၆လလောက်အကြာမှာ ၂၁ ရာစုပင်လုံညီလာခံကို ဒုတိအကြိမ်ထပ်မံ ကျင်းပမှာဖြစ်ပါတယ်။