သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံးပွဲ အမေရိကန်တွေ စိတ်ဝင်စား


မြန်မာသံရုံးမှာ ကျင်းပတဲ့ Around the World Embassy Tour အစီအစဉ် (မေ၊ ၀၄၊ ၂၀၁၉)
မြန်မာသံရုံးမှာ ကျင်းပတဲ့ Around the World Embassy Tour အစီအစဉ် (မေ၊ ၀၄၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အပြည်ပြည်ဆိုင်ရာသံရုံးတွေကို အများပြည်သူတွေ လည်ပတ်နိုင်တဲ့ Passport DC Around the World Embassy Tour အစီအစဉ်မှာ မြန်မာသံရုံးကလည်း ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ အမေရိကန်ပြည်သူတွေ စည်စည်ကားကားနဲ့ မေလ ၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မြန်မာသံရုံးက ယဉ်ကျေးမှုပွဲကို ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို တင်ဆက်ပေးချင်ပါတယ်။

ဝါရှင်တန်ဒီစီက အပြည်ပြည်ဆိုင်ရာ သံရုံး ၅၁ ခု ပါဝင်ဆင်နွှဲတဲ့ Around the World Embassy Tour အစီအစဉ်ကို နှစ်စဉ်ကျင်းပလာတာ နှစ်အတော်ကြာပြီ ဖြစ်ပေမယ့် မြန်မာသံရုံးကတော့ ထူးထူးခြားခြား ဒီနှစ်မှာ ပထမဆုံးအကြိမ် ပါဝင်ဖြစ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ရတဲ့ ရည်ရွယ်ချက်ကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက အခုလို ရှင်းပြပါတယ်။

ဦးအောင်လင်း။ ။ "ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ US-Myanmar Relations မှာ ပြည်သူအချင်းချင်း US ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံကို ပိုပြီးတော့ သိစေချင်တဲ့ ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်စေချင်တယ်။ ထမြောက်အောင်မြင်စေချင်တဲ့အပြင်ကို အောင်မြင်တာကို တွေ့ရလို့လည်း အများကြီး ဝမ်းသာပါတယ်။ ကျနော်တို့ အခုအချိန်မှာဆိုရင် ကျနော်တို့ သံရုံးကို လာနေတဲ့ ဧည့်သည်တွေက အင်မတန်ကို များပြားတဲ့အတွက်ကြောင့် တကြိမ်တည်းမှာ သူတို့ကို လာဖို့ကို တဖြည်းဖြည်းချင်း လူနည်းနည်း နည်းနည်းစီ ကျနော်တို့ဆီကို သံရုံးကို ကျနော်တို့ ဖိတ်ခေါ်နေရပါတယ်။

မနက်ထဲက ပြင်ဆင်ထားတဲ့ မြန်မာအစားအစာတွေဟာဆိုလို့ရှိရင်လည်း အခုဆိုလို့ရှိရင် ကုန်သလောက်ရှိနေပါပြီ။ အခုဆိုလို့ရှိရင် မွန်းလွဲ ၁၂ နာရီလောက်ရှိနေပါပြီ။ ညနေ ၄ နာရီထိ ပွဲကရှိနေမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြုလုပ်တဲ့ အစီအစဉ်ဟာဆိုလို့ရှိရင် ၂ နိုင်ငံ ချစ်ကြည်ရေးကို တိုးမြှင်စေချင်တဲ့ တိုးမြှင့်စေမယ့်အပြင်ကို အမေရိကန်ပြည်သူအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံအကြောင်း နိုင်ငံခရီးသွားလာရေးလုပ်ငန်းအကြောင်း နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ထွက်ကုန်၊ မြန်မာနိုင်ငံရဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ခင်မင်ရင်းနှီးခွင့်ရတဲ့ အပြင်ကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက်ကြောင့်မို့ ကျနော်တို့အတွက်လည်း ကောင်းပါတယ်လို့ ကျနော်ပြောပြချင်ပါတယ်။"

ပြည်သူတွေအချင်းချင်း ရင်းရင်းနှီးနှီး ယဉ်ကျေးမှုဖလှယ်ချင်းဖြင့် အမေရိကန်-မြန်မာဆက်ဆံရေး ပိုကောင်းမွန်လာစေမယ်လို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောတာပါ။ သံအမတ်ကြီး ပြောသလိုပဲ ဒီပွဲကို သံတမန်အသိုင်းအဝိုင်းသာမက အမေရိကန်ပြည်သူတွေအများအပြားလည်း စည်စည်ကားကား တက်ရောက်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှုပန်းချီ၊ လက်မှုပစ္စည်း၊ ပုသိမ်ထီး စတာတွေကို ခင်းကျင်းပြသ ရောင်းချထားတဲ့အပြင် လာရောက်လည်ပတ်သူတွေအနေနဲ့ မြန်မာဝတ်စုံဝတ်ဆင်ပြီး အမှတ်တရ ဓာတ်ပုံရိုက်နိုင်ပါတယ်။ မြန်မာ့ရိုးရာ သနပ်ခါးအကြောင်း စိတ်ဝင်စားသူ Stephanie က မြန်မာယဉ်ကျေးမှုခင်းကျင်းပြသထားမှုကို အနှစ်သက်ဆုံးလို့ ပြောပါတယ်။

Stephanie။ ။ "ပြီးခဲ့တဲ့နှစ်ပိုင်း ၂၀၁၃ တုန်းက မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးတော့ အခုလို ပွဲမျိုးကျင်းပတဲ့အခါ လာကြည့်ချင်မိတာပါ။ အခန်းတိုင်းမှာ မတူအောင် ထူးခြားတဲ့ အဆင်အယဉ်တွေနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်း အဘက်ဘက်က လေ့လာနိုင်တဲ့အတွက် အရမ်းသဘောကျမိပါတယ်။"

မြန်မာနိုင်ငံအကြောင်း သိကျွမ်းဝင်မှု နည်းပါးတဲ့ အမေရိကန်ပြည်သူတွေအတွက် မြန်မာသံရုံးပွဲမှာ မြန်မာနိုင်ငံအကြောင်း လေ့လာနိုင်ပါတယ်။ သတင်းတွေ၊ စာအုပ်တွေမှာသာ ဖတ်ဖူး ကြားဖူးပြီး မြန်မာနိုင်ငံကို တခါမှ မရောက်ဖူးသူ အမေရိကန်အမျိုးသမီး Laurel ကတော့ ဒီပွဲက သူ မြန်မာနိုင်ငံအပေါ်ထားတဲ့အမြင် ပြောင်းလဲသွားစေတယ်လို့ ဆိုပါတယ်။

Laurel။ ။ "မြန်မာနိုင်ငံက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ထင်ခဲ့တာပါ။ ပဋိပက္ခတွေ အစုံဖြစ်ပွားနေတဲ့ နေရာလို့ပဲ ထင်ခဲ့တာပါ။ မြန်မာနိုင်ငံအကြောင်း ကျမ လေ့လာဖို့ အများကြီး လိုပါသေးတယ်။ အထူးသဖြင့် အခု မြန်မာသံရုံးပွဲကို လာပြီးတဲ့နောက် မြန်မာအကြောင်း သိထားဖို့လိုသေးတယ်လို့ နားလည်လာပါတယ်။ မြန်မာနိုင်ငံအကြောင်း သတင်းတွေကနေ ကြားရတာကပဲ အလုံးစုံမဟုတ်ဘူးဆိုတာ အများပြည်သူတွေ သိနိုင်ဖို့ လေ့လာနိုင်မယ့် အခွင့်အရေးပါ။ မြန်မာနိုင်ငံက ပြောင်းလဲဖို့ ကြိုးစားနေပြီး အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ ဆောင်ရွက်နေတယ်ဆိုတာကို အများက နားလည်သင့်ပါတယ်။ အခုလို တံခါးဖွင့်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ရှင်။"

လည်ပတ်သူ အများပြည်သူတွေအနေနဲ့ လက်ဖက်သုပ်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ စတဲ့ မြန်မာအစားအစာတွေကို မြည်းစမ်းကြည့်လို့ ရတဲ့အပြင် အဆို၊ အကတွေနဲ့ပါ ဖျော်ဖြေပေးခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG