သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကလေးစစ်သားဟောင်းလွှတ်ဖို့ အရပ်ဖက်အဖွဲ့များ တောင်းဆို


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။ (စက်တင်ဘာလ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။ (စက်တင်ဘာလ ၂၀၁၂)

ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ကလေးစစ်သားဘဝကို သတင်းမီဒီယာကို ဖော်ထုတ်ပြောကြားမှုနဲ့ ကလေးစစ်သားကိုအောင်ကိုထွေးကို စစ်တပ်ဘက်ကပဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပြန်တရားစွဲပြီး တရားရုံးက အမြင့်ဆုံးထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ရှုတ်ချကြောင်းနဲ့ ကလေးစစ်သား ကိုအောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတစ်ရာ့ငါးဆယ်ကျော်က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။ အခုလို ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခံရသူရသူ နိုင်ငံသား တယောက်ရဲ့ မိမိနစ်နာမှုအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ချိုးနှိမ်ရာရောက်သလို မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးစာချုပ်ကို ချိုးဖောက်ရာကျတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။ အသေးစိတ်မဆုမွန် ဆက်ပြောပါမယ်။

ကလေးစစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရတဲ့အကြောင်း သတင်းမီဒီယာကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ကလေးစစ်သားဖြစ်ခဲ့ဖူးသူ ကိုအောင်ကိုထွေးကို စစ်တပ်ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်ပြီး ဒဂုံဆိပ်ကမ်းတရားရုံးကနေ ဖေဖော်ဝါရီလ ၂၈ရက်နေ့က အမြင့်ဆုံး ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုအောင်ကိုထွေး တရား ရင်ဆိုင်နေရချိန်မှာလည်း တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ်ခြောက်လချမှတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ပုဒ်မ ၇နဲ့လည်း ထပ်တိုးတရားစွဲဆိုထားပါသေးတယ်။

ကလေးဘဝက အချိုးဖောက်ခံရတဲ့ ကလေးအခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့နစ်နာမှုတွေကို ဖော်ထုတ်ပြောဆိုခဲ့သူကို နစ်နာမှုကို ဖန်တီးပြုလုပ်သူဘက်ကပဲ ပြန်ပြီးတရားစွဲဆိုပြီးတော့ တရားရုံးကနေအမြင့်ဆုံးထောင်ဒဏ် အပြစ်ပေးခဲ့တာဟာ အထူးသဖြင့်ကတော့ ဒါဟာ အခြေခံ လူ့အခွင့်အရေးတရပ်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ချိုးဖောက်ရာကြသလို မြန်မာနိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးစာချုပ်ကို ချိုးဖောက်ရာကျတဲ့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေဘက်က ဒီကနေ့သဘောထား ထုတ်ပြန်ကြေညာလိုက်တာဖြစ်တဲ့အကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ -အသံ ( ATHAN) အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာကိုဆောင်းခက အခုလိုပြောဆိုလိုက်ပါတယ်။

"အသက်မပြည့်ခင်ကလည်း တပ်မတော်မှာ အသက်မပြည့်ပဲနဲ့ စစ်မှုထမ်းခဲ့ရတယ်ပေ့ါနော် အဲဒီလည်း တပ်က ပြစ်မှုတခုပဲ။ အဲဒီပြစ်မှုကျူးလွန်တဲ့အပြင်ကို သူကြုံခဲ့ရတာနဲ့ပတ်သက်ပြီးတော့ မီဒီယာတွေမှာ ပြန်ပြောတာတွေ ၊ သူ့အတွေ့အကြုံတွေကို ရှင်းပြတာတွေကို ၅၀၅(ခ) နဲ့ တရားဆွဲတယ်ဆိုတော့ ပြစ်မှုကျူးလွန်တဲ့လူက တရားစွဲ တရားခံပုံစံမျိုးဖြစ်သွားတဲ့အတွက် ကျနော်တို့က ဒီအပေါ်မှာ ရပ်တည်မှ ရမယ်ဆိုတာ ကျနော်တို့စဉ်းစားတယ်။ နောက်တခုက အဲလိုမဟုတ်ပဲနဲ့ တရားရေးကလည်း ဒီအပေါ်မှာ နစ်နာတဲ့လူအပေါ်မှာ မပေးပဲနဲ့ တရားလိုက တပ်မတော်ဖြစ်တာရယ် အဲဒီအပေါ်မှာလည်း ပါကောင်းပါမယ်။ ဒီဟာကတော့ တရားစွဲတဲ့ ပုဒ်မ ၅၀၅ (ခ) ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ၂ နှစ်ကြီးကို ချလိုက်တာကတော့ တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ်။"

တိုင်းရင်းဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေဆဲ မြန်မာနိုင်ငံလိုနေရာမျိုးမှာ ကိုအောင်ကိုထွေးလို ကလေးစစ်သားမြောက်မြားစွာရှိနေနိုင်သေးပြီး မတရားမှုတွေနဲ့ကြုံခဲ့ရတဲ့ ကလေးစစ်သားတွေအနေနဲ့ ဒီလိုအဖြစ်မျိုးတွေကို သတင်းမီဒီယာတွေနဲ့ ပြည်သူအပေါ် ထုတ်ဖော်မပြောဆိုရဲအောင် လုပ်ဆောင်မှုအဖြစ်လည်း ဒီမိုကရေစီဖွ့ံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ ACDD က လူ့အခွင့်အရေးလှုပ်ရှားသူ မသဉ္ဇာရွန်းလဲ့ရည်ကရှု့မြင်ပါတယ်။

"သိရလို့သာ ဒါမျိုးကို ပြောနိုင်တာ မသိရလိုက်တဲ့ အနိုင်ကျင့်ခံရတဲ့ ကလေးစစ်သားတွေ ထပ်ပြီးအနိုင်ကျင့်မှာဆိုးလို့ မပြောရဲတဲ့ ကလေးစစ်သားတွေ မြောက်များစွာရှိတယ်။ သူသည် သူကြုံတွေ့ခံစားရတာကို ပြောရဲတဲ့ သတ္တိရှိတယ် ။ အဲလိုမျိုး မပြောပဲ ခံစားလိုက်ရတဲ့ လူငယ်တွေ ဘယ်လောက်များ များနေမလဲ ။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကိစ္စရပ်ကြီးကို ဦးစားပေးလုပ်ပါမယ်ဆိုတဲ့ သမ္မတ လက်ထက်မှာပေါ့နော် ဒါကို သမ္မတသစ်က အရေးတယူလုပ်ပြီးတော့ သူ့ရဲ့ ပြစ်မှုတွေကို ဆင်ချင်တုံတရားနဲ့ စဉ်းစားပြီးတော့ ဒီလူငယ်လေးအပေါ်မှာ နောက်ထပ် ဘဝသက်တမ်းတွေအတွက်ကို အကောင်းဘက်ကိုရောက်အောင် အခွင့်အရေးပေးသင့်တယ်လို့ မြင်ပါတယ်။"

နစ်နာခဲ့ရသူကလေးစစ်သားအပေါ် နစ်နာမှုအတွက် မဖြေရှင်းပေးပဲ ကျူးလွန်ခဲ့သူတွေဘက်ကပဲ ပြန်ပြီး တရားစွဲဆိုအပြစ်ပေးခဲ့တဲ့အပေါ်မှာ သက်ဆိုင်တဲ့ အစိုးရ၊ စစ်တပ်တာဝန်ရှိသူတွေဘက်က ဒီကိစ္စအပေါ် စနစ်တကျစုံစမ်းမှုတွေနဲ့ စစ်ဆေးအရေးယူသင့်တယ်- ဒါဟာ ဒီမိုကရေစီဖော်ဆောင်မယ့်ဆိုတဲ့ NLD အရပ်သားအစိုးရရဲ့ မူနဲ့ဆန့်ကျင်ပြီး သမ္မတသစ်ကြွေးကြော်ထားတဲ့ ယိမ်းယိုင်နေတဲ့ တရားရေးစီရင်မှုစနစ်ကို တိုက်ဖျက်မယ်ဆိုတဲ့အချက်နဲ့သွေဖီနေတဲ့အတွက် ကလေးစစ်သားဖြစ်ခဲ့သူ ကိုအောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့သူ့ကို ထပ်မံစွဲဆိုထားတဲ့အမှုတွေကို ခြွင်းချက်မရှိ ပြန်ရုပ်သိမ်းပယ်ဖျက်ပေးဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေဘက်က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG