သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် အရေး ထိန်းသိမ်းခံ သံဃာ ၇ပါးပြန်လွှတ်


သပိတ်စခန်းဖြိုခွင်းမှုကြောင့် မီးလောင်ဒဏ်ရာရသံဃာတော်များ မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၂။)
သပိတ်စခန်းဖြိုခွင်းမှုကြောင့် မီးလောင်ဒဏ်ရာရသံဃာတော်များ မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၂။)
မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံး အခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ ကိုသိန်းထိုက်ဦးက အခုလိုပြောပါတယ်။

ကိုသိန်းထိုက်ဦး- “ဟုတ်ကဲ့ခင်ဗျာ။ မနေ့က ကျနော် မုံရွာက မထွက်ခွာခင်၊ မုံရွာဆေးရုံကြီးကို ခဏဝင်ခဲ့ပါတယ်။ မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံနေတဲ့ သံဃာတော်တွေကို ခဏတွေ့ခဲ့ရပါတယ်။ လူတော်တော်များများက ဆေးရုံကြီးကို လာပြီးတော့ သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်ကြပါတယ်။ မုံရွာမြို့ခံတွေလည်း ပါပါတယ်။ နောက် မန္တလေးမြို့ခံ မန္တလေးကလူတွေ မုံရွာကို ရောက်လာကြတာတွေ့ရပါတယ်ခင်ဗျာ။ အနေအထားတွေကတော့ သံဃာတော်တွေဟာ မီးလောင်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရထားတယ်ဆိုတော့၊ အခြေအနေတွေက တင်းမာမှုတွေ ရှိတယ်ဆိုပေမဲ့လည်း၊ မုံရွာရဲ့ အခြေအနေကတော့ ထပ်ပြီးတော့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မဲ့ အနေအထားမျိုးတော့ မရှိပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံပွဲကလည်း မနေ့က ညနေပိုင်းကျမှ ပြီးသွားခဲ့တာပါခင်ဗျ။

ကိုဇော်ဝင်းလှိုင်- “ မနေ့က ညနေကတော့ အာဏာပိုင်တွေက ပထမရက်တွေက သူတို့ထိန်းသိမ်းထားတဲ့ သံဃာတော်တချို့ကို ပြန်လွှတ်လိုက်တယ် ကြားပါတယ်ခင်ဗျ။ အဲ့တာရော ဟုတ်ပါသလား။”

ကိုသိန်းထိုက်ဦး-“ဟုတ်ကဲ့ ခင်ဗျ။ သံဃာတော်ခုနှစ်ပါးကို မုံရွာထောင်မှာ ယာယီထိန်းသိမ်းပြီးတော့ ညနေပိုင်းမှာပဲ သူတို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ် လို့ ပြောပါတယ်။ အဲ့ဒီ့အထဲက ပြန်လွတ်မြောက်လာတဲ့ သံဃာတော်တစ်ပါးကို ကျနော် ဖူးမျှော်ခွင့်ရခဲ့ပါတယ်။ သူက အခုလို မိန့်ကြားခဲ့ပါတယ်ခင်ဗျ။”

လွတ်မြောက်သံဃာတော်-“အဲ့ဒီ့အထဲမှာ ထိခိုက်ဒဏ်ရာ ရတာကတော့ ပါပါတယ်။ ဘယ်နှစ်ပါး ပါလည်းဆိုတော့ အားလုံးငါးပါးပေါ့၊ ဆေးထိုးရတာတွေ၊ ဆေးသောက်ရတာတွေ၊ အဲ့လိုမျိုး လုပ်ရပါတယ်။ နောက် ဇောတိက က ကိုရင်တစ်ပါးက ပေါင်မှာ မီးလောင်တဲ့ ဒဏ်ရာတွေကြောင့် ရေကြည်ဖုတွေ ပေါက်နေတာကို သူတို့ဆေးထည့်ပေးပါတယ်။ နောက်ပြီးတော့ နဖူးရဲ့ အပေါ်ပါးပေါ့ အရေပြားကြီးလန်သွားတာကိုလည်း သူတို့ဆေးထည့်ပေးပါတယ်။ အဲ့တာတွေတော့ သူတို့လုပ်ပါတယ်။ ဆေးထိုးတာတွေ၊ ဆေးတိုက်တာတွေ လုပ်ပါတယ်။”

ကိုသိန်းထိုက်ဦး- “ ဒါကတော့ ထိန်းသိမ်းခံရတဲ့ ဆရာတော်ဦးဝိမလ မိန့်ကြားသွားခဲ့တာပါခင်ဗျ။”

မန္တလေးမြို့မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သံဃာတော်တွေ ရှိနေတဲ့ သပိတ်စခန်းတွေကို ရဲက ဖြိုခွင်းပြီးနောက် နောက်ဆုံးအခြေအနေတွေ သိရအောင် ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG