အမေရိကန်ကို တက္ကသိုလ်အတုတွေနဲ့ ကျောင်းသား Visa ရအောင်လုပ်ပြီး လာကြတဲ့ နိုင်ငံခြားသား ၁၃၈ ယောက်ကို ရဲကဖမ်းဆီးခဲ့ပြီး နောက်ထပ် ဖမ်းဆီးမှုတွေ လုပ်သွားမယ်လို့ အစိုးရတာဝန်ရှိသူတယောက်က VOA ကိုပြောကြားခဲ့ပါတယ်။
တက္ကသိုလ်အတုမှန်းသိလျက်နဲ့ ကျောင်းသား Visa ရအောင်လုပ်ကြသူတွေကို နှိမ်နှင်းနိုင် ဖို့ အမေရိကန်အမိမြေလုံခြုံရေးဌာနက တက္ကသိုလ်အတုတခုကို ဖန်တီးခဲ့တာပါ။ ပြည် ထောင်စုအစိုးရက တရားစွဲတဲ့ အမှုတခုထဲမှာ ကျောင်းတုမှန်းသိလျက်နဲ့ အမေရိကန်ကို တရားဝင်လာနိုင်ပြီး တရားဝင်အလုပ်လုပ်ခွင့် ရချင်တဲ့ ကျောင်းသားတွေကို ဖြား ယောင်း စွဲဆောင်နိုင်ဖို့ အစိုးရက တက္ကသိုလ်တခုကို ဖန်တီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Michigan ပြည်နယ် Detroit မြို့ပြင်မှာ Farmington တက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်အတု တခုကို အမိမြေလုံခြုံရေးဌာနက ၂၀၁၅ ခုနှစ်မှာ ဖန်တီးခဲ့ကတည်းက တက္ကသိုလ် ကျောင်းဝန်း မရှိ၊ စာသင်ခန်းမရှိ၊ တက္ကသိုလ်ပညာရေးသင်ကြားရမှာ မဟုတ်ဘူးဆိုတာ သိလျက်နဲ့ နိုင်ငံခြားကျောင်းသား ၆၀၀ ကျော် ကျောင်းအပ်ခဲ့ကြတယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။
ကျောင်းသား Visa အတုရအောင်ပူးပေါင်းကြံစည်မှု၊ အကျိုးအမြတ်အတွက် ကျောင်းသား တုတွေကို လက်ခံထားမှုတို့နဲ့ ၈ ယောက်ကို အစိုးရက ဖမ်းဆီး တရားစွဲထားပါတယ်။ အဲဒီသူတွေဟာ နိုင်ငံခြားသား ၆၀၀ ထက်မနည်းကို တရားမဝင်နိုင်ငံထဲမှာ နေထိုင်နိုင် အောင်၊ အမေရိကန်နိုင်ငံထဲကို ပြန်လည် ဝင်ရောက်နိုင်အောင်နဲ့ အလုပ်လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ အစိုးရတရားလိုတွေက ပြောပါတယ်။