ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝက်ကျိန်းကျေးရွာ တံတားအနီးမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို ARSA လက်နက်ကိုင်အဖွဲ့က ချောင်းမြောင်း တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်မှာ ကင်းစခန်းတွေ စစ်ဆေးပြီး ပြန်လာတဲ့ လုံခြုံရေး အဖွဲ့ကိုARSA အဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ကြောင်း သုံးရက် အကြာ စနေနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံပိုင် မီဒီယာက ဖော်ပြတာဖြစ်ပါတယ်။ အမှတ် ၂ နယ်ခြားစောင့် ရဲ ကွပ်ကဲမှုဌာနချုပ်က ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးကိုတော့ ဘူးသီးတောင်က တပ်မတော် ဆေးရုံမှာ ကုသပေးနေကြောင်း လည်း အစိုးရက သတင်းထုတ်ပါတယ်။
လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ လက်နက်ကိုင် အမျိုးသား တစုက မြန်မာရဲတပ်ဖွဲ့ကား တစင်းကို ခြုံအကွယ်ကနေ ပစ်ခတ်နေတဲ့ ဗွီဒီယိုကို မြန်မာ စာတန်းထိုးပြီး မြန်မာ အစိုးရ မီဒီယာမှာ ဖော်ပြပါတယ်။ နောက် ဒီကနေ့ တနင်္ဂနွေနေ့ထုတ် သတင်းစာမှာလည်း တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကို မြေပုံနဲ့ တကွ ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေရဲ့ အခြေအနေကိုတော့ မသိရပါဘူး။