သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ ARSA လှုပ်ရှားလာမှုကြောင့် ဒေသခံများစိုးရိမ်


ARSA တပ်ဖွဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (Photo: ARSA Facebook)
ARSA တပ်ဖွဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (Photo: ARSA Facebook)

ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တောစတဲ့မြို့နယ်တွေမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့လှုပ်ရှားမှုတွေ ပြီးခဲ့တဲ့လတွေကစပြီး တဖြည်းဖြည်းစိပ်လာပြီး ဒေသခံတွေကို သတ်ဖြတ်တာ ဖမ်းဆီးတာတွေရှိလာနေတာကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေကြတာပါ။ ရခိုင်လက်နက်ကိုင် AAအဖွဲ့ဘက်ကတော့ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်နေတာကြောင့် ပြည်သူတွေ စိုးရိမ်မလွန်ကြဖို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မြောက်ပိုင်းနေရာတချို့မှာ ARSA အကြမ်းဖက်အဖွဲ့တွေ အခြေချလာကြပြီး ဒေသခံတွေရဲ့နေ့စဉ်လူနေမှုဘဝတွေကို နှောင့်ယှက်ဖျက်ဆီး၊ သတ်ဖြတ်တာတွေရှိလာနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်နေကြတယ်လို့ မောင်တောဒေသခံ မွတ်ဆလင်တဦးကပြောပါတယ်။

“မောင်တောဘက်မှာ ဒီလိုမျိုး ကားတွေမီးရှို့လိုက်၊ ပြန်ပေးဆွဲလိုက်လုပ်နေတဲ့ ဟာတွေကို တွေ့ရတဲ့အခါကျတော့ ARSA ရဲ့ သွားလာလှုပ်ရှားမှုတွေ မြင်တဲ့အခါကျတော့ လူတွေက တဘက် မြန်မာ့တပ်မတော်ကလည်း စစ်ကြောင်းတွေထွက်လာတော့ တိုက်ပွဲဖြစ်မှာတို့၊ ကြားညှပ်မှာကို စိုးရိမ်ကြတာပေါ့။”

ARSA အကြမ်းဖက်အဖွဲ့တွေဟာ အထူးသဖြင့် မွတ်ဆလင်လူမျိုးတွေကို ဖမ်းဆီး သတ်ဖြတ် ပြန်းပေးဆွဲတာတွေ့နေရသလို ဒီရက်ပိုင်းအတွင်းမှာပဲ ဘူးသီးတောင်မြို့နယ် မွတ်ဆလင်လှေသမားတဦးကို သတ်ဖြတ်ခဲ့တာကြောင့် မွတ်ဆလင်ဒေသခံတွေကြား ပိုးစိုးရိမ်နေရတယ်လို့လည်း မောင်တောမြို့နယ်က မွတ်ဆလင်တဦးကပြောပါတယ်။

“ပထမတချက်က ဒေသခံစိုးရိမ်ရတာက ရိုဟင်ဂျာတွေက ပိုပြီးတော့ စိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ARSA က တခြားတိုင်းရင်းသားဆိုတဲ့ ခေါင်းစဉ်ကို သွားပြီးတော့ လုပ်တာမရှိဘူးဗျာ၊ ရိုဟင်ဂျာတွေကိုပဲ သတ်တာ ဖြတ်တာ။ သိပ်မကြာသေးဘူးဗျာ၊ နှစ်ရက် သုံးရက်ပဲ ရှိသေးတယ် မိကျောင်းခေါင်းဆွဲ၊ ဘူးသီးတောင်မှာ ကူးတို့သည်တဦး အသက် ၆၈ နှစ်ရှိပြီ။ သူ့ကို ညဖက်ကူးတို့ကူးမယ်ဆိုပြီး ခေါ်သွားပြီးတော့ ဒဏ်ရာမပေါ်အောင်သတ်ပြီးတော့ ချောင်းမှာ မျှောလိုက် တယ်။ ဒါ ARSA ရဲ့ လုပ်ရပ်က သေချာတယ်ဗျာ။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်ကတော့ အကြမ်းဖက်အဖွဲ့တွေနဲ့ လုပ်ရပ်တွေကို စောင့်နေတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်မှုမလွန်ကဲကြဖို့နဲ့ လိုအပ်ရင် လိုအပ်ရင်သလို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ရခိုင် လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဒီဘူးသီးတောင်မောင်တောဘက်က အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်ကတော့ ဖြစ်ပေါ် တိုးတက်မှုအားလုံးကို သေသေချာချာ စောင့်ကြည့်နေပါတယ်၊ ကျနော်တို့ ထိန်းချုပ်ထားတဲ့ဒေသတွေမှာရော တခြား ဘူးသီးတောင်၊ မောင်တောဒေသက နယ်မြေတွေအားလုံးမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအားလုံးကို အနီးကပ် စောင့်ကြည့်နေတယ်။ ဒါကြောင့်မလို့ ပြည်သူတွေအနေနဲ့လည်း စိုးရိမ်မလွန်ကြဖို့တော့ လိုတာပေါ့ဗျာ၊ တချို့ကိစ္စတွေမှာ အကြမ်းဖက်အဖွဲ့တွေက ရည်ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ တွေ ရှိတယ်၊ အကြမ်းဖက်အဖွဲ့ကို အားပေးအားမြှောက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ရှိတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ ULA/AA အနေနဲ့ သတိထားစောင့်ကြည့်နေတယ်၊ လိုအပ်ရင်လိုအပ်သလို ကျနော်တို့ဘက်က ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ နားလည်မှုနဲ့ အပစ်ရပ်ထားတာ ကြာလာတာနဲ့အမျှ ARSA အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာလည်း ဘူးသီးတောင်၊ မောင်တောဘက်တွေမှာ ပြန်ပြီးတွေ့လာရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ ရသေ့တောင်မြို့နယ်မှာ တာဝန်ကျနေတဲ့ အလယ်တန်းပြဆရာမတဦး ရွာပြင်မှာ လည်လှီး သတ်ဖြတ်ခံရတာကြောင့် ဝန်ထမ်းတွေနဲ့ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း မြင့်တက်နေတာပါ။ ဆရာမ အသတ်ခံရနဲ့ပတ်သက်ပြီးတော့ တရားဘယ်သူဆိုတာ မသိရသေးတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG