သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA အစွန်းရောက်အဖွဲ့ လှုပ်ရှားမှုအပေါ် ကျွမ်းကျင်သူတွေရဲ့အမြင်


ရခိုင်မြောက်ပိုင်းကို ARSA အစွန်းရောက်အဖွဲ့များ တိုက်ခိုက်စဉ်
ရခိုင်မြောက်ပိုင်းကို ARSA အစွန်းရောက်အဖွဲ့များ တိုက်ခိုက်စဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အဖွဲ့ဟာ၊ ဒေသတွင်း အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေပြီး၊ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းမှာ သြဇာချဲ့ထွင်ဖို့ ရည်ရွယ်နေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေ ယူဆနေကြပါတယ်။ အစ္စလာမ်အစွန်းရောက် ARSA အဖွဲ့အနေနဲ့ အင်အားများများစားစား မရှိပေမဲ့ ရခိုင်ပြည်နယ်က တိုက်ခိုက်မှုတွေမှာတော့ စနစ်တကျ စီစဉ်ခဲ့တယ်လို့လည်း ယုံကြည်ထားကြတာပါ။ ရခိုင်ပြည်နယ်က တကျော့ပြန် အကြမ်းဖက်မှုတွေကို အစပြုခဲ့တဲ့ ARSA အဖွဲ့အပေါ် မြန်မာ့အရေး ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကိုတော့ ကိုဝင်းမင်းက စုစည်းတင်ပြပေးမှာပါ။

ဒီ ARSAလို့ခေါ်တဲ့ အစွန်းရောက်တပ်ဖွဲ့အနေနဲ့ သူတို့ကို အကြမ်းဖက်အဖွဲ့လို့မသတ်မှတ်ပဲ တခြားတိုင်းရင်းသားအဖွဲ့တွေလို သဘောထားဖို့ပြောပေမယ့် အခုလိုသုံးသပ်ဖို့ ခက်တယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူနဲ့ မြန်မာပြည်အကြောင်း စာအုပ်တွေ အများကြီးရေးခဲ့တဲ့ စာရေးဆရာ Bertil Lintner က ဒီ ARSA အဖွဲ့ခေါင်းဆောင်ဟာ ပါကစ္စတန်မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး အာရပ်ကမ္ဘာက စစ်သွေးကြွအုပ်စုအဖွဲ့တွေနဲ့ ကောင်းကောင်းအဆက်အသွယ်ရှိခဲ့သူဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒါပေမယ့် လက်တွေ့မှာက ဒီ ARSA အဖွဲ့ဟာ လူနည်းနည်းပဲရှိပြီး စနစ်တကျ လက်နက် စုဆောင်းတပ်ဆင်ထားတာမရှိဘူးလို့ Bertil ကထောက်ပြပါတယ်။

“ပထမအချက်က ဒီအဖွဲ့က လူအရေအတွက် ရာအနည်းငယ်ပဲရှိတဲ့ တကယ့်ကို သေးငယ်တဲ့အဖွဲ့ပါ။ သူတို့က မြန်မာနိုင်ငံအထဲက တခြားလက်နက်ကိုင်တိုင်းရင်းသား သူပုန်အဖွဲ့တွေလို၊ ဥပမာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေလို စနစ်တကျ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ တခြားအဖွဲ့တွေမှာက ယူနီဖောင်းတွေ လက်မောင်းအမှတ်အသားတွေ အမိန့်ပေးစနစ်တွေ၊ Automatic လက်နက်ကောင်းတွေရှိပါတယ်။ ARSA ကတော့ အရပ်သားတွေနဲ့ ရောနေတယ်။ အရပ်သားအဝတ်ပဲဝတ်တယ်၊ အရပ်သားတွေကို လူစုတိုက်တယ်၊ တိုက်ပြီးတော့ နယ်စပ်ကိုပါ ကျော်ပြီးတော့ ထွက်ပြေးတယ်လေ။”

ဒီ ARSA အဖွဲ့ကပြောသလို ရိုဟင်ဂျာအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဖြစ်နိုင်မလားဆိုတာ မေးရာမှာတော့ Bertil Lintner ကဆက်ပြီး။

“အခုလို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ၊ ရဲစခန်းတွေကို ARSA ကတိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာအခွင့်အရေးကို ကာကွယ်ပေးနိုင်မယ်လို့ လုံဝစဉ်းစားကြည့်လို့မရပါဘူး။ နောက်သူတို့မှာက ၅၀၀ လောက်ပဲ အင်းအားရှိတာလေးနဲ့ လက်နက်ကလည်း ကောင်းကောင်းမရှိတော့ သူတို့ပြောနေတဲ့ ရိုဟင်ဂျာကာကွယ်ရေးကို သူတို့ ဘယ်လိုလုပ်နိုင်မှာလဲ။ သူတို့အခုလိုတိုက်တာကြောင့် တန်ပြန်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရတဲ့ ဆိုးကျိုးတွေပဲ ဖြစ်လာတာပေါ့လေ။ အခုလိုဖြစ်လာမှာကို ARSA က ကြိုမသိထားဘူးလားလို့ တွေးဖို့ ခက်ပါတယ်။"

ဒါပေမယ့် အမေရိကန်အခြေစိုက် ဟာဝိုင်ယီ တက္ကသိုလ်ကအာရှရေးရာလေ့လာရေးဌာန ပါမောက္ခ Michael Aung-Thwin ကတော့ ဒီအဖွဲ့က လက်နက်အားနည်းပေမယ့် အသေအချာတော့ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေကို နည်းပရိယာယ်တွေ သုံးတိုက်ခဲ့တဲ့ ARSAအဖွဲ့ဟာ တကယ့်ကိုပြင်ဆင်ပြီးလုပ်ခဲ့တဲ့အဖွဲ့လို့ ကျနော်ယူဆပါတယ်။ ပြီးတော့ သူတို့လုပ်ရပ်ကြောင့် ဘယ်လိုတုံ့ပြန်မှုတွေဖြစ်လာမလဲဆိုတာ သိထားပြီးသားအသေအချာကြိုတွက်ပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်မှုတွေ တွေ့လာရတာပါ။”

အဲဒီတော့ ဒီARSAအဖွဲ့တိုက်ခိုက်မှုမှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနိုင်ပါသလဲလို့မေးရာမှာ Michael Aung-Thwin ကတော့အခုလိုဆက်ပြီး ခြေကုတ်ရဖို့လုပ်တာပါလို့ ဆိုပါတယ်။

“ကျနော်ထင်ပါတယ် အရှေ့တောင်အာရှမှာ နောက်ထပ်ခြေကုတ်နေရာ ရဖို့ပါ ။ ဒီနေရာက အခုလို ခြေကုတ်ယူဖို့အခြေအနေပေးတဲ့ အားနည်းချည့်နဲ့တဲ့နေရာဖြစ်နေလို့ပါ။ ဘာကြောင့်လဲဆိုတေ့ာ လူ့အသိုင်းအဝိုင်း၂ ခုအကြားဆန့်ကျင်မုန်းတီးမှုတွေက ရှိထားပြီးသားပါ။ နောက်လူမှုစီးပွားအခြေအနေကလည်း အင်မတန်မှကို ဆင်းရဲနိမ့်ကျနေပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်တွေထဲကလည်းတခု ဖြစ်ပါတယ်။"

စာရေးဆရာ Bertil Lintner က ဒီARSAအဖွဲ့ရဲ့ အခုလိုတိုက်ခိုက်တဲ့ ရည်ရွယ်ချက်က နိုင်ငံတကာမှာ ရိုဟင်ဂျာအရေး လူတွေပိုသိလာပြီး အာရတ်ကမ္ဘာမှာ ထောက်ခံမှု ပိုရလာကာ မြန်မာနိုင်ငံမှာလည်း ထွက်ပေါက်ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေကို လူစုဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် Bertil Lintner က ဒီARSAအဖွဲ့ရဲ့ ရှေ့ရေးအလာအလာကတော့ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့အစိုးရအပေါ်မူတည်တယ်၊ လက်ရှိအစိုးရကတော့ သူတို့အပေါ်နိမ်နင်းလိုတယ်၊ မြန်မာအစိုးရနဲ့ ပူးတွဲစစ်ဆင်ရေးတွေလုပ်ဖို့တောင် ကမ်းလှမ်းထားတာရှိတယ်၊ ဒါပေမယ့် အဲဒါတွေက အခုအချိန် မှာဖြစ်မလာသေဘူး။ ဒါပေမယ့် အတိုက်အခံပါတီ အမျိုးသားရေးပါတီက လာမယ့်နှစ်ရွေးကောက်ပွဲမှာ အနိုင်ရလာရင်တော့ ရိုဟင်ဂျာအစွန်းရောက်တွေအနေနဲ့ လုပ်ပိုင်ခွင့်တွေ ပိုရလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG