သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲမြို့ပေါ် တိုက်ပွဲတွေရပ်တန့်ပေမယ့် နေအိမ်တချို့မီးရှို့ခံရ


စစ်ကိုင်းတိုင်း ပုလဲမြို့
စစ်ကိုင်းတိုင်း ပုလဲမြို့

ပုလဲမြို့ပေါ်မှာ တိုက်ပွဲတွေ ရပ်တန့်သွားပြီဆိုပေမယ့်၊ နေအိမ်မီးရှို့ခံရတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေသူတွေမှာလည်း ရက်သီတင်းပတ်ကြာလာတာနဲ့အမျှ စားဝတ်နေရေးခက်ခဲလာကြပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ပြောပြပါမယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပုလဲမြို့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပေမယ့်၊ မြို့ပေါ် နေရာအချို့က နေအိမ်တွေကို စစ်ကောင်စီ တပ်ဘက်က မီးရှို့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့ပေါ်မှာတော့ စစ်ကောင်စီက ပြန်လည်စိုးမိုးထားပြီ နေအိမ်ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ ပုလဲမြို့နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ပုလဲမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

"မြို့ပေါ်မှာရှိတဲ့ နေအိမ်တွေက ပြည်သူတွေရဲ့ ပစ္စည်းတွေကို စကစတွေက သူတို့ လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အကုန်လုံးသယ်ယူပြီး အိမ်တွေမီးရှို့ခြင်းခံရပါတယ်။ အိမ်ခြေမှန်းခြေအရ ၄၀ လောက်တော့ ရှိလောက်မယ် ကွက်ကျားတွေရှို့နေတာပေါ့။ မြို့ပေါ်မှာ တိုက်ပွဲတော့ မရှိတော့ပါဘူး။ တခါတလေ ဒရုန်းနဲ့ လာချတာတွေတော့ရှိတယ်။ လောလောဆယ် သူတို့မြို့ပေါ်မှာ ဆက်လက်စိုးမိုးထားပါတယ်။ စစ်ရေးကတော့ သူတို့လည်း သတိဝီရိယနဲ့နေကြတာပေါ့။ ဒီဘက်ကလည်း တော်လှန်ရေးရဲဘော်တွေကလည်း အမြဲအချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။"

နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းကစလို့ နိုဝင်ဘာ ၁၄ ရက်အထိ ၄ ရက်ဆက်တိုက် စစ်ကောင်စီ တပ် တပ်စွဲထားတဲ့ ထွေအုပ်ရုံးနဲ့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ပုလဲမြို့ပေါ်က တိုက်ပွဲတွေကြောင့် ပုလဲမြို့အနီးက ဒေသခံတော်တော်များများ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ စစ်ဘေးတိမ်းရှောင်ရတာ ရက်သတ္တပတ်နီးပါးရှိလာတဲ့အတွက် စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေးအခက်အခဲတွေရှိလာနေတယ်လို့ စစ်ဘေးရှာင်တဦးက ပြောပါတယ်။

"ရွာကနေရှောင်လာတာ ဒီကနေ့နဲ့ဆို ၆ ရက်ရှိပြီ။ တိုက်ခိုက်နေတော့ မနေရဲဘူးလေ။ အပေါ်ကနေ ဟတ်စကီးတွေနဲ့လည်း အပေါ်ကနေ လုပ်နေတာ အခုဟာ ဒီကနေ့နဲ့ မနေ့တော့ နားပါပြီ။ အခုတောင် ပြောရင်းတန်းလန်းကိုလေ ၁၅ မိနစ်လောက်က ဝုန်းဒိုင်းဆိုပြီး ကြားရတယ်၊ ရှောင်တဲ့သူတွေက မပြန်နိုင်သေးဘူး ကျန်းမာရေးကလည်းမကောင်းတော့ ပြန်လို့ကမရသေးဘူး။ ပြန်ချင်တာပေါ့။ အိမ်က ဘာမှတောင် မလုပ်ခဲ့ရဘူး။ပြေးရတာပဲ။ လမ်းဘေးတွေ ဆည်ဘောင်တွေပေါ်နေကြရတယ်။ စားရေးသောက်ရေးတွေခက်ခဲတာပေါ့။ တချို့က နွားတွေဘာတွေကောဆိုတော့ တချို့က ကြောက်လို့သာ ပြေးလာကြတာ ဘာမှ စားစရာ သောက်စရာ ပါမလာကြဘူး။"

ပုလဲမြို့ကို ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာ အမျိုးသားတော်လှန်ရေး တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နိုဝင်ဘာ ၁၄ ရက်မှာတော့ စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လေကြောင်းကနေ စစ်ကူပေးပို့ပြီးအင်အားဖြည့်တင်းခဲ့လို့ ပြန်လည် ဆုတ်ခွါခဲ့ရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၇၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က စစ်သုံ့ပန် ၂၅ ဦး ဖမ်းဆီးရမိခဲ့သလို၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ပုလဲမြို့ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG