သုံးရလွယ်ကူစေသည့် Link များ

၈ လေးလုံး ငွေရတု စီတန်းလှည့်လည်သူ ၂ ဦး စွဲချက်တင်ခံရ


၈လေးလုံး ချီတက်လမ်းလျှောက်ပွဲ
၈ လေးလုံးအရေးတော်ပုံ ငွေရတုနှစ်ပတ်လည် အထိမ်းအမှတ်နေ့က ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်ခဲ့သူ မဖြူဖြူဝင်းနဲ့ ဦးဝင်းချို တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်က ဒီကနေ့
ကျောက်တံတားမြို့နယ် တရားရုံးကနေ တရားစွဲဆိုခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။ စွဲချက်တင်ခံထားရသူ ၂ ဦးစလုံးကတော့ ပြောင်းလဲမှုတွေ ဖော်ဆောင်နေပြီ လို့ နိုင်ငံတော်သမ္မတက ပြောထားတဲ့ စကားနဲ့အညီ လွတ်လပ်စွာ ချီတက် လှည့်လည်ခြင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ တရားရုံးမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင် က သတင်းပေးပို့ထားပါတယ်။

ပုဒ်မ ၁၈ နဲ့ စွဲဆိုခံထားရသူ ၂ ဦးစလုံးကို တရားလို မြို့နယ် ၆ မြို့နယ်ရဲ့ကိုယ်စား ကျောက်တံတားရဲစခန်းက အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တဲ့အတိုင်း ကိုယ်ပိုင်ဝန်ခံချက်နဲ့ အမှုကို ရင်ဆိုင်ခွင့်ပြုဖို့ လျှောက်ထားတာကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

စွဲချက်တင်ခံရသူထဲက တဦးဖြစ်သူ ဦးဝင်းချိုကတော့ သူတို့ကို တရားစွဲလိုက်ပြီ ဖြစ်တဲ့အကြောင်း စွဲချက်တင်ခံရပြီး တရားရုံးထဲက ပြန်ထွက်လာလာခြင်း ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးရှေ့မှာ ဗွီအိုအေကို ရှင်းပြပါတယ်။
ဦးဝင်းချို
ဦးဝင်းချို

“တရားစွဲလိုက်ပြီပေါ့လေ။ တရားစွဲလိုက်ပြီ။ အမှုနံပါတ်ပေးလိုက်ပြီ။ သို့သော်လည်း ကျနော်တို့ကို စက်တင်ဘာလ ၄ ရက်နေ့ကျတော့မှ ရုံးချိန်းထပ်ခေါ်ထားပါတယ်။ အဲ့ဒီနေ့ကနေစပြီးတော့ စစ်ဆေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်ကတော့ ကျနော်တို့ဟာ ကိုယ်ပိုင်ခံဝန်နဲ့ ထုချေခွင့် ကျနော်တို့ကို ခွင့်ပြုလိုက်ပါတယ်။ တရားလိုကို စ စစ်မှာကတော့ လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ကျနော့်ရဲ့ အရင် အမှု ၆ မှုနဲ့အတူ တွဲပြီးတော့ ကျောက်တံတားတရားရုံးမှာ ကျနော် ၇ မှု အစစ်ခံရပါမယ်။”

စွဲချက်တင်ခံရသူ နောက်တဦးဖြစ်တဲ့ မဖြူဖြူဝင်းကတော့ ၈ လေးလုံး အရေးတော်ပုံတုန်းကအတိုင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာလည်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
မဖြူဖြူဝင်း
မဖြူဖြူဝင်း

“၈ ရက် ၈ လ ၁၉၈၈ တုန်းကလည်း ကျမတို့တွေ ဒီလိုပါပဲ။ ခွင့်ပြုမိန့် ယူစရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တွေ ခေါင်းဆောင်မှု မရှိပါဘူး။ အဲ့ဒီတုန်းကလည်းပေါ့နော်။ ဒီငွေရတုဟာဆိုရင် ၂၅ နှစ်သာပြည့်ခဲ့တာ။ ကျမတို့ ခေါင်းဆောင်မရှိဘူး။ စိတ်တူကိုယ်တူ အကုန်လုံး တကယ်ခံစားရတဲ့သူတွေအားလုံးက ဒီလိုပဲ လမ်းမမှာပဲ။ လမ်းမက စခဲ့တဲ့အတွက် ကျမတို့ လမ်းမမှာပဲ ပြန်ပြီး စချင်းဖြစ်ပါတယ်။ အမှတ်တရအနေနဲ့။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေပြီဆိုပေမဲ့ အခုလို သူတို့ကို ပုဒ်မ ၁၈ နဲ့ စွဲချက်တင်တာကို ကြည့်ခြင်းအားဖြင့် တကယ်စစ်မှန်တဲ့ ပြောင်းလဲမှု မဖြစ်သေးဘူးဆိုတာကို ပြနေတယ်လို့ မဖြူဖြူဝင်းက ဆက်ပြောပါတယ်။

“ပြုပြင်ပြောင်းလဲတာတွေ ရှိနေတယ်လို့ ပြောတယ်ပေါ့။ သမ္မတကိုတော့ ကျမ နည်းနည်း message ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုပြင်ပြောင်းလဲမယ်။ ကျမတော့ ယနေ့ထိတော့ ကျမတို့ ခံစားရတဲ့သူတွေရော ကိုယ်တိုင် ကိုယ်တွေ့ ခံစားရတဲ့သူတွေရော ပြုပြင်ပြောင်းလဲတာတွေ မမြင်သေးပါဘူး။ အဲ့ဒီပေါ်မှာ မူတည်ပြီး ဒီလိုမျိုးတွေ အချုပ်အနှောင် အတားအဆီးတွေ ဖြစ်တာတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။”

သူတို့ရဲ့ အမှုကိုတော့ ကျောက်တံတားမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ စတင် ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ပုဒ်မ ၁၈ နဲ့ မန္တလေး စတဲ့ နယ်တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ရှိပေမဲ့လည်း လောလောဆယ်တော့ ရန်ကုန်မြို့အတွင်း ပုဒ်မ ၁၈ နဲ့ စွဲချက်တင်ခံထားရသူတွေ ရှိနေပေမဲ့လည်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူတော့ မရှိဘူးလို့ မဖြူဖြူဝင်းရော ဦးဝင်းချိုကပါ ပြောပါတယ်။

သူတို့ကို စွဲချက်တင်ထားတဲ့ မြို့နယ် ၆ မြို့နယ်ကတော့ စမ်းချောင်း၊ ဒဂုံ၊ လသာ၊ ပန်းပဲတန်း၊ လမ်းမတော်၊ ကျောက်တံတားမြို့နယ်တွေ ဖြစ်ကြပါတယ်။
XS
SM
MD
LG