သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၃)


တပ်မှူးတပ်သား ပြောစကား (၀၄၆)

ဦးရော်နီညိမ်း။ ။ ဒီအသုံးအနှုန်းနဲ့ ဒီအမိန့်နာခံမှုကို အသေ ပေါ့နော်၊ ဂျပန် trained လည်းပါတယ် ဆိုတာ အန်ကယ့်ဆီကနေ အခုလည်း သိရပါတယ်။ ဦးနှောက်အဆေး ခံထားရသလိုပဲ၊ အမိန့်ပေးလိုက်တဲ့လူရော အောက်က လိုက်ပြီး အကောင်အထည်ဖော်တဲ့ လူရော။ အဲဒီ နှစ်မျိုး ပေါင်းစပ်ပြီးတော့ ဒီဥစ္စာ တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ လိုက်လုပ်ဖို့ပဲရှိတယ် ဆိုတာ နှစ်ပေါင်းများစွာ ခေါင်းထဲမှာ မြန်မာစကားလုံး အသုံးအနှုန်းရဲ့ ထိရောက်မှုအရ လည်း စွဲမြဲ နေကြတယ်။ အဲဒီတော့ အန်ကယ့် အနေအထားမှာရော အန်ကယ်ကိုယ်၌ကရော၊ သင်တန်းသား ဘဝမှာရော တပ်မှူးငယ်ဘဝမှာရော အရာရှိကြီးဖြစ်လာတဲ့အခါမှာရော အဲဒီ “ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့အမိန့်၊ ကိုယ်ကပေးလိုက်တဲ့ အချိန်မှာရော ဘယ်လို ခံစားမိပါသလဲ။ ကိုယ်က အပေးခံခဲ့ရတုန်းကရော ဘယ်လို ခံစားမိပါသလဲ။

ဦးတင်ဦး။ ။ လိုချင်တာကို ခိုင်းလိုက်တာပဲ ဆိုတဲ့ အနေနဲ့တော့ ခိုင်းတဲ့ပုဂ္ဂိုလ်ကလည်းပဲ မြန်မြန်ဆန်ဆန် ဒီကိစ္စကြီးကို အောင်မြင်သွား အောင် ဒီစကားလုံး သုံးလိုက်တာပဲလို့ ဖြစ်တာပဲလေ။ ဟိုတုန်းက တပ်ကတော့ အပေါ်မှာ ဆင့်ကဲဆင့်ကဲ ကွပ်ကဲတဲ့ကိစ္စကတော့ ဒီလိုခိုင်းတာ ပြုတာ အပိုင်းမှာ၊ ဆင်ဆင်ခြင်ခြင် ခိုင်းတာ များတယ်လို့ ကျနော်ထင် တယ်လေ။ များသောအားဖြင့် ဒါကို ဘယ်မှာ ပြောလေ့ပြောထ ရှိသလဲဆို တော့ စစ်ဆင်ရေးတို့ ဘာတို့ သွားပြီးတော့ လုပ်တဲ့အခါကျရင် မပြေမလည်ဖြစ်တာမျိုးမှာ ကိုယ့်အောက်မှာ ပြေပြေလည်လည် ဖြစ်စေချင်တဲ့ အနေနဲ့ ဖြစ်မြောက်အောင် ပြောလိုက်တဲ့ဟာမျိုးကတော့ ဒီလိုပဲ အလေ့အထလို ဖြစ်နေတာပေါ့။ အမှန်ကတော့ ဒီဟာကြီးက ဥဒါဟရုဏ်အတွက် တော့ သုံးလို့ ကောင်းတာကိုး။ တချို့ဟာတွေ ကျတော့လည်း မဖြစ်နိုင်တာကို ဖြစ်အောင် အတင်းလုပ်ခိုင်းတဲ့သဘော သက်ရောက်တာတွေ လည်း ရှိမှာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်၊ ဒါပေမယ့် ခုန ပြောသလိုပေါ့နော်၊ စိတ္တဗေဒ သဘောတရားအရ ပေါ့လေ၊ Psychologically အရ ဒီ စကားလုံး အသုံးအနှုန်းရဲ့ ထိရောက်မှု ရှိနေတဲ့အခါကျတော့၊ အဲဒီဟာနဲ့ တွဲပြီး တတွဲတည်း ပါတာလည်း ရှိသေးတယ်။ ခုနကပြောတဲ့ “ရေဗူး ပေါက်တာမလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်” အပြင်ကို၊ နောက်ထပ် အဲဒါနဲ့ တွဲပြီးသုံးတာ ခုနက အန်ကယ်ပြောသလိုပဲ၊ “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ဟေ့၊ မဖြစ်သေးတာပဲ ရှိတယ်၊ တပ်ထဲမှာ” ဆိုတာကလည်း တွဲပြီး ပါလာတယ်။ အဲဒီနှစ်ခုနဲ့ တွဲလိုက်တဲ့အခါမှာ တကယ့်ကို brain wash လုပ်ပြီးသားပဲ။ အဲဒီတော့ “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ ဟာက၊ အခုနောက်ပိုင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်တာက ပိုများလာနေတာကို တွေ့တွေ့နေရတာပေါ့။ ဒီအသုံးအနှုန်းရဲ့ ထိရောက်မှုနဲ့ တချက်တချက် လွဲချော်သွားတဲ့အခါမှ၊ာ ဘယ်လိုပြန်တည့်မတ်ရင် ကောင်းမယ်လို့ အန်ကယ် မြင်ပါသလဲ ခင်ဗျ။

ဦးတင်ဦး။ ။ ဒီအပိုင်းမှာကတော့ ဒီစကားလုံးသုံးတာက ရှောရှောရှူရှှူသုံးတာ မဟုတ်ဘူးခင်ဗျ၊ အမှန်ကတော့ စိတ်လိုက်မာန်ပါ လိုအပ်ချက် ကို ကိုယ့်ဆန္ဒနဲ့ မပြည့်တဲ့အခါမျိုးမှာ လွှတ်ခနဲ တခါထဲ အတင်းဖြစ်အောင် ပြောပြီး၊ ခိုင်းလိုက်တဲ့ ဥစ္စာမျိုးပဲ။ တခါတလေ ပြောလိုက်တဲ့ လူကိုယ် တိုင်ကပင်လျှင် မဖြစ်နိုင်ဘူးဆိုတာကို သိလျှက်သားနဲ့ပဲ မင်း မဖြစ်ကောင်းလား ဆိုပြီးတော့ ဇွတ်ပြောလိုက်တဲ့ အခါမျိုးတွေလည်း ရှိတာပဲ။ အဲဒါ မျိုးကျတော့လည်း ဖြစ်ကို ဖြစ်မလာဘူး ပေါ့။ ဟိုတုန်းက လာခဲ့တဲ့ အပါ်မူတည်ပြီး စကားလုံးတွေက ထွင်သုံးလာရင်းနဲ့ ဒီလိုဖြစ်လာတဲ့ သဘော တွေပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အန်ကယ် အခုပြောတာ ထွင်သုံးတယ်ဆိုတော၊့ ဒီစကားလုံး ဒီအသုံးအနှုန်းမျိုးနဲ့ အလားတူပဲ ဖြစ်ဖြစ်၊ မနီးရိုးစွဲပဲ ဖြစ်ဖြစ်၊ ဂျပန်တပ်မတော်မှာရော ရှိခဲ့သလားခင်ဗျ၊ အန်ကယ်တို့ တဆင့်ပြန်ပြီးတော့ train လုပ်တဲ့အခါမှာ။

ဦးတင်ဦး။ ။ အမှန်ကတော့ အခုဟာက ဒီလိုဗျ၊ အဲဒီလို အပြောအဆိုတော့ မကြားဘူးဗျ၊ “ငါတို့ရဲ့ အရှင်သခင် ဘုရင်မင်းမြတ်ကြီး အကျိုး အတွက် ငါတို့ အမိန့်ပေးတယ်” ဒီလိုဟာတော့ ကြားတယ်ပေါ့။ ဒီလို “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတာကတော့ ကျနော်တို့ မြန်မာ့တပ်မတော်နဲ့ အနီးစပ်ဆုံး ပြောတာပါ။ သူတို့ထဲမှာတော့ အဲလိုပြောတာမျိုး တခါမှတော့ မကြားဖူးဘူး။ အင်္ဂလိပ် (တပ်) က တော့ It’s an order ပေါ့၊ ဒါပဲ၊ ဒီလောက်ပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အပိုအလိုမရှိ ကွက်တိနဲ့ ဒီစကားလုံး အသုံအနှုန်းဟာ အရမ်းကို ထိရောက်တဲ့အခါကျ တော့ အဲဒီစကားလုံးရဲ့ သက်ရောက်မှုကို ပြန်ပြီးတော့ သုံးသပ်ကြည့်တာပါ။

ဦးတင်ဦး။ ။ တခုကတော့ ဒီလိုရှိတယ်။ လူတွေက အခု တွေးခေါ်မျှော်မြင်မှုတွေ တော်တော်လေးပဲ တက်လာတဲ့အခါကျတော့ ဒီစကား ဟာ နည်းနည်းတော့ ကိုးလိုးကန့်လန့် ဖြစ်လာတာတော့ အမှန်ပဲဗျ။ အခုဆို ကျနော် အပြင်ကို ရောက်တော့ ပြည်သူလူထုရဲ့ ခံစားမှုနဲ့ နားထောင် လိုက်ပြန်တော့ အဲဒီစကားကြားရင် နည်းနည်း ကျနော် နားခါးတယ် ဗျ၊ အမှန်အတိုင်း ပြောရရင်တော့။ အခု နေရာတကာတိုင်းမှာ ဗိုလ်ချုပ်ကြီး တွေနဲ့ ဗိုလ်ချုပ်တွေက ခိုင်းတာကိုးဗျ၊။ အဲဒီတော့ တချို့အလုပ်တွေကို အပေါ်ကခိုင်းတဲ့လူတွေက နားမလည်ဘူးဗျ၊ အဲဒီလို မကျွမ်းကျင် ဘဲနဲ့ အောက်က ကျွမ်းကျင်တဲ့လူကို “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်” ပြောတော့၊ ခံစားမှုတွေ ဖြစ်လာတာတော့ ရှိတယ် ဗျ။ အဲဒါတော့ အမှန်ပဲ။

ဦးရော်နီညိမ်း။ ။ အဲဒါတော့ နောက်ပိုင်းမှာ လမ်းတွေဖောက်၊ တံတားတွေဆောက်ရင်လည်း၊ အဲဒီဟာက ပြဿနာ ပါလာတယ်။ ရက်ပေါင်း ဘယ်နှစ်ရက်အတွင်း ပြီးရမယ် ဆိုတာတွေ။

ဦးတင်ဦး။ ။ အဲဒီလိုဖြစ်တာပဲဗျ၊ အဲဒီတော့ ကျွမ်းကျင်တဲ့လူ လုပ်တာပဲ၊ အဲဒီတော့ သူ ကျွမ်းကျင်တာကို ကိုယ်က ဝင်ပြီး မကျွမ်းကျင်ဘဲ၊ ဒီ အချိန်ဒီအခါ ပြီးရမယ် အတင်း ဘာညာပြောပြီး “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ် ကွ” ဆိုရင်တော့၊ ရလာတဲ့ရလဒ်အဖြေက ကောင်းမကောင်းတော့ မပြောနိုင်တော့ဘူးပေါ့။

ဦးရော်နီညိမ်း။ ။ ကိုဆိုဗို (Kosovo) ဒေသ ပရစ္စတီးနား (Pristina) လေဆိပ်က ရုရှတပ်တွေကို တိုက်ခိုက်အနိုင်ယူဖို့ဟာ ဘယ်လို နိုင်ငံ ရေး အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ဆိုတာကို၊ အမိန့်ပေးခံရတဲ့ ပညာတတ်စစ်ဗိုလ် ဗိုလ်ကြီး James Blunt က နားလည် သဘောပေါက်ခဲ့ သလို ဒီအမိန့်အတိုင်း လိုက်နာဆောင်ရွက်ရင်၊ ဖြစ်ပေါ်လာမယ့် အကျိုး ဆက်ဟာ တတိယ ကမ္ဘာစစ်ကြီးအထိ ဖြစ်သွားနိုင်တယ်လို့လည်း စဉ်းစားဆင်ခြင်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ တကယ်တမ်းမှာ ပရစ္စတီးနား (Pristina) လေဆိပ်က ရုရှတပ်တွေကို တိုက်ထုတ်စရာ မလိုတဲ့ အခြေအနေ ဖြစ်ပေါ်နေတာကို James Blunt က အခုလိုပြောပါတယ်။

James Blunt ။ ။ နှစ်ရက်လောက်လည်း ကြာရော ရုရှတွေက အတော်ပဲဗျို့ ကျုပ်တို့မှာ ရိက္ခာမရှိတော့ဘူး။ သောက်ရေလည်း ပြတ်နေပြီ။ ဒီလေယာဉ်ကွင်းကို ခင်ဗျားတို့နဲ့ ကျုပ်တို့ မျှပြီးသုံးကြရအောင်လို့ ပြောလာခဲ့တယ်လေ။ အဲဒီမှာ ရှင်းနေတာက ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့ အမိန့်မှာ နိုင်ငံရေးရည်မှန်းချက် ပါနေတယ် ဆိုတာပါပဲ။ နိုင်ငံရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ကြတဲ့နေရာမှာ တခါတခါပကတိအခြေ အနေကို ကျော်လွန်ပြီး လုပ်ချင်တတ်ကြတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်ကြီး Michael Jackson က ပရစ္စတီးနား (Pristina) လေဆိပ် အရေးအခင်းမဖြစ်ရအောင် ဘယ်လိုနည်းလမ်းရှာ ခဲ့ပါသလဲလို့ မေးတဲ့အခါမှာတော့ အခုလိုဆိုပါတယ်။

ဗိုလ်ချုပ်ကြီး Michael Jackson ။ ။ ဟုတ်ကဲ့၊ ကျနော်တို့တွေက ဒီအကျပ်အတည်းကို ကျော်လွှားဖို့ နည်းလမ်းများစွာနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ သိပ်ကို စွတ်စိုထိုင်းမှိုင်းတဲ့ ညနေခင်းတခုမှာ ကျနော်ကိုယ်တိုင် ပရစ္စတီးနား (Pristina) လေဆိပ်ကို ပထမဆုံးအကြိမ် သွားခဲ့ပါတယ်။ အဲဒီမှာ ဟိုးအရင်ကတည်းက ကျနော်နဲ့ သိဟောင်းကျွမ်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ရုရှဗိုလ်ချုပ်ကြီး Viktor Zararzin ကို သွားတွေ့ပါတယ်။ ဗိုလ်ကြီး James Blunt က သတင်းပို့ထားလို့ ရုရှတွေမှာ ရေပြတ်နေပြီဆိုတာရယ်၊ ရေမရှိရာကနေ သူတို့လုံခြုံရေးကို ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်ဆိုတာ ကိုပါ သိရတော့၊ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မယ့်အစား သူတို့ကို ဘယ်လိုကူညီနိုင်မလဲဆိုတာကို ကျနော်က နည်းလမ်းရှာချင်တယ်။ မြုပ်ခါ နီးဖြစ်နေတဲ့ လှေပေါ်ကလူတွေကို ညာသံပေးပြီး တိုက်ခိုက်မယ့်အစား၊ သူတို့ကို ကူညီတာက ပိုကောင်းတယ်လို့ ကျနော်က စဉ်းစားတယ်။ ကျနော် တကယ် အလေးအနက်ပြောတာပါ။ သူတို့ကို ကျနော်တို့က ကူညီမယ်ဆို သိရတော့၊ သူတို့ သိပ်ဝမ်းသာသွားကြတယ်။ ပရစ္စတီးနား (Pristina) လေဆိပ်ကို သူတို့နဲ့ အတူတူ ပူးပေါင်း စီမံခန့်ခွဲဖို့ ဖြစ်လာခဲ့တယ်။ တကယ်ပဲ ရုရှတပ်တချို့က ကျနော်တို့နဲ့အတူတူ ဒီလေဆိပ်မှာ အလုပ်တွေ အတူတူလုပ်ခဲ့ကြပါတယ်။ ရေရှည်မှာ ကျနော်တို့လုပ်ရမယ့် ကိစ္စကို ကျနော်တို့ လုပ်ခဲ့ကြတာပါပဲ။ နိုင်ငံရေးဆိုတာလည်း ဒါပါပဲလေ။ ကျနော်တို့တပ်တွေက ရုရှတွေကို ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီးတော့မှ ကိုဆိုဗို (Kosovo) ဒေသကို ဝင် သိမ်းထားတယ်ဆိုရင်၊ နိုင်ငံတကာပြဿ နာအဖြစ် အတူတူဖြေရှင်းကြတဲ့ ကိုဆိုဗို (Kosovo) အရေးအခင်းမှာ “ရုရှရဲ့ကဏ္ဍက ဘာလဲ” ဆိုတာမျိုး ရုရှအစိုးရက ခံစားလာရမှာပေါ့။ သူတို့ နေရာက နေပြီး စဉ်းစားကြည့်ကြပါ။ ကျနော်က ဒါကို နားလည်ခဲ့တယ်။

ဦးရော်နီညိမ်း။ ။ ဗြိတိသျှ ဗိုလ်ချုပ်ကြီး Michael Jackson က စစ်မြေပြင်မှာ ရင်ဆိုင်တိုက်နေရတဲ့ ရန်သူမဟုတ်သူ ရုရှတပ်တွေအပေါ်မှာ လူကြီးလူကောင်းဆန်ဆန် ထိတွေ့ဆက်ဆံဖို့ စဉ်းစားသုံးသပ် လုပ်ဆောင်ခဲ့ပေမယ့်၊ သူ့အထက်က တပ်မှူးကြီး အမေရိကန် ဗိုလ်ချုပ်ကြီး Wesley Clerk က ဘာဖြစ်လို့ ရုရှတပ်တွေကို လက်ဦးမှုရယူပြီး တိုက်ခိုက်အနိုင်ယူထားဖို့ စဉ်းစားသုံးသပ်ရတာလဲလို့ ဗိုလ်ချုပ်ကြီး Michael Jackson ကို မေးတဲ့အခါမှာတော့…

ဗိုလ်ချုပ်ကြီး Michael Jackson ။ ။ အနောက်အုပ်စုနဲ့ အရှေ့အုပ်စုတို့ စစ်အေးကာလတိုက်ပွဲရဲ့ နိုင်ငံရေးသူငယ်နာ မစင်တာလို့ ပြောရပါ လိမ့်မယ်။ ၁၉၉၉ ခုနှစ်မှာ ရှိနေခဲ့တဲ့ ရုရှတွေကို စစ်အေးကာလ ၁၉၇၉ တုန်းက ဆိုဗီယက်တွေအဖြစ်ပဲ ရှုမြင်လိုက်ပုံရပါတယ်။ ရုရှတွေက အရင် ဦးအောင် ရုတ်တရက်ကြီး ပရစ္စတီးနား (Pristina) လေဆိပ်ကိုချီတက်နေတယ်လို့ စဉ်းစားနေတာရဲ့ ဖိစီးမှုအောက်မှာကျရောက်နေတာကြောင့်၊ အစပထမမှာ ဗိုလ်ချုပ်ကြီး Wesley Clerk က ဒီ ကိစ္စကို ဒီလို ချဉ်းကပ်တာလို့ ကျနော်ထင်ပါတယ်။ နိုင်ငံရေးအရ ကိုယ့်ဘက်က ဆုံးရှုံးတော့ မယ်လို့ စဉ်းစားလိုက်တာကိုး။

ဦးရော်နီညိမ်း။ ။ အမေရိကန် ဗိုလ်ချုပ်ကြီးက မပေးသင့်တဲ့ စစ်မိန့်ကို ပေးရာမှာ ဗြိတိသျှဗိုလ်ချုပ်ကြီး တစ်ဦးနဲ့ ဗြိတိသျှ စစ်ဗိုလ်လေး တစ်ဦး တို့ဟာ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားသုံးသပ်ပြီး ဒီအမိန့်ကို မလိုက်နာခဲ့လို့ အကျိုးကျေးဇူး ရှိခဲ့သလို၊ မြန်မာ့တပ်မတော်မှာလည်း လာလတ္တံ့သော မသင့်မလျှော်အမိန့်တွေကို နာခံရမှာ စိုးရွံ့သူ အရာရှိငယ်တစ်ဦး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအရေးတော်ပုံ ကာလကြီးမှာ ရှိခဲ့ဖူးပါတယ်။ သောတ ရှင်များ ခင်ဗျာ၊ “စစ်တပ်နဲ့ အမိန့်နာခံမှု အပိုင်း (၄)” ကိုတော့ နောက်သီတင်းပတ် စနေနေ့မနက်နဲ့ ညနေခင်းတွေမှာ ဗီအိုအေ မြန်မာပိုင်း အစီ အစဉ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကနေ ဆက်ပြီးထုတ်လွှင့်ပေးသွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG