သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်း တိုက်ခိုက်မှု (၇) နှစ် ပြည့် တာဝန်ရှိသူတွေကို အရေးမယူသေး


ဒီပဲယင်း တိုက်ခိုက်မှုအပြီး ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး သွားရောက် အကဲခတ် ရိုက်ကူးခဲ့စဉ်
ဒီပဲယင်း တိုက်ခိုက်မှုအပြီး ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး သွားရောက် အကဲခတ် ရိုက်ကူးခဲ့စဉ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စည်းရုံးရေး ခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ ဒီကနေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်လာခဲ့ပေမဲ့ တာဝန်ရှိသူတွေကို အရေးယူတာမျိုး မရှိပဲ၊ နစ်နာသူတွေသာ အရေးယူခံရတဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နားမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုအတွင်း သေကျေထိခိုက်ခဲ့ရသူတွေအတွက် ဒီကနေ့ အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်နေချိန်မှာ အခုလို ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

အခုလိုမျိုး ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မူကြီးကို ကျူးလွန်ခဲ့တာကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တာမျိုးတွေ လုပ်သင့်တယ်၊ ဒီလို မလုပ်ခဲ့တဲ့အတွက် နောက်ဆက်တွဲအဖြစ် ကျူးလွန်သူတွေက သူတို့လုပ်ရပ်မှန်တယ်ဆိုပြီး လို့ထင်မြင်ယူဆသွားတာဟာ မြန်မာ့သမိုင်းမှာ မကောင်းတဲ့ လက္ခဏာတရပ်အဖြစ် အမျိုးသားဒီမိုကရေစိအဖွဲချုပ်က ပြောဆိုလိုက်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြတာကတော့…

“အန်ကယ်ပြောမှာကတော့ ဥပဒေအရပေါ့နော်။ လူသေတယ်၊ လူသေတယ်ဆိုတာကို အစိုးရကိုယ်တိုင် ကြေညာတယ်လေ၊ လူ ၄ ယောက်။ ဒီထက်မကလည်း သတင်းတွေက အများကြီးပြောတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီဟာတွေက သေမှုသေခင်းတွေ ဖွင့်ပြီးတော့ အရေးယူရတယ်၊ စုံစမ်းရတယ်။ အန်ကယ်တို့ ဒီကနေ့အထိ အဲဒီကိစ္စကြီးကို စုံစမ်းတယ်လို့ လုံး၀ မသိရဘူး။ စုံစမ်းတယ်ဆိုရင်လည်း ပြည်သူတွေကို အသိမပေးတဲ့ စုံစမ်းမှုဘဲ။ ဒါဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီဥစ္စာက ဘာကို ပြနေသလဲဆိုတော့ ဒီလို အရေးမယူတဲ့ အတွက် ဒီလိုလုပ်တာဟာ မှန်တယ်လို့ အဲဒီအခိုင်းခံရတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် အမှားတွေကို အမှန်ထင်နေကြမယ်လေ။ ဒါဟာ သမိုင်း အစဉ်အလာအတွက် မကောင်းဘူး။ နောင်အတွက်လည်း မကောင်းဘူး။”

ဒီပဲယင်း လုပ်ကြံမူကြီးကို ပြန်လည်အမှတ်ရစေတဲ့ပွဲတွေကို ပြည်တွင်းမှာတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း မန္တလေးတိုင်းက မြို့နယ် ၂၀လောက် စုစည်းပြီး မိထ္တီလာခရိုင်မှာ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။ မိထ္တီလာခရိုင် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး ပြောပြတာကတော့… “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နောက်လိုက်နောက်ပါ ဒီမိုကရေစီ အင်အားစုကြီးကို အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် ဒီကနေ့ အဲဒီနေ့မှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားနဲ့ ပြည်သူလူထု၊ ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်းတွေကို ရည်စူးပြီးတော့ ကောင်းရာသုဂတိလားဖို့အတွက် ဆွမ်းကပ်ပါတယ်။”

ဒီပွဲကို ဒီပဲယင်းလုပ်ကြံ သတ်ဖြတ်ခံရမှုမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူ ၅ ဦးလည်း တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ကားကိုမောင်းခဲ့တဲ့ အန်အယ်ဒီ လူငယ် ကိုကျော်စိုးလင်းကတော့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ကိုလုပ်ကြံသတ်ဖြတ်ကြမဲ့ လူအုပ်ကြီး အဆင့်ဆင့်ကို ကျော်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဘေးက လွတ်မြောက်အောင် သူ့အနေနဲ့ စဉ်းစားဆုံးဖြတ် လုပ်ကိုင်လိုက်တာဖြစ်ကြောင်း အခုလို ပြန်ပြောင်းပြောပြပါတယ်။
“ဘာပဲဖြစ်ဖြစ်ပေါ့ ရိုက်ကွာဆိုပြီးတော့ ဘဘဦးတင်ဦး ကိုလည်း ရိုက်တယ်။ ကျနော်တို့ အဖွဲ့က လူငယ်တွေကိုလည်း အကုန်ရိုက်တယ်။ ကျနော်တို့ ကားကိုလည်း မှန်တွေပေါ့နော် ညာဘက်က မှန်ကိုလည်းရိုက်တယ်၊ နောက်ကြည့်မှန်တွေလည်း အကုန်ရိုက်တယ်။ ရိုက်တဲ့အခါမှာ ကျနော်က စိတ်ထဲမှာပေါ့နော် အန်တီအနေနဲ့ ကျနော်ကြည့်လိုက်တဲ့အခါ ရိုက်ခံရတဲ့လူတွေကို ထားပြီးတော့ ပြေးရရင်လည်း သူတို့ အပြောခံရမယ်လေ။ မသွားနဲ့လို့ ပြောရင်လည်း အန်တီအနေနဲ့ အကုန်လုံးကို အသေသတ်ရာကျမယ်။ အဲဒီလို ဆုံးဖြတ်ရ ခက်တဲ့အခါမှာ၊ ကျနော့်ဖာသာ ကျနော် ကားစတီယာရင် လှည့်လို့မရအောင် ဘယ်အချိန်က ထိုးထည့်ထားလည်းမသိဘူး၊ ဒါပေမဲ့ နောက်ဆုတ်လိုက်တော့ အဲဒီဟာက ကျိုးသွားတယ်။ အဲဒီကနေမှ မောင်းလို့လွတ်သွားတယ်။”

ဒီပဲယင်းမှာလုပ်ကြံသတ်ဖြတ် ခံရသူတွေအတွက် ဆွမ်းကျွေးအလှူဒါနပြုမူတွေကို ကရင်ပြည်နယ်က ဖားအံ၊ ရခိုင်ပြည်နယ် တောင်ကုတ်၊ ကချင်ပြည်နယ် မိုးကောင်း၊ ပဲခူးတိုင်း မင်းလှ၊ တောင်ငူ၊ သာယာဝတီ၊ ဇီးကုန်း၊ ရန်ကုန်တိုင်းမှာတော့ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ဗဟန်း၊ တာမွေ စတဲ့နေရာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းက လူငယ်တွေကလည်း ဘုရားပေါ်တက်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အလားတူ ဂျပန်နိုင်ငံမှာတော့ လူအင်အား (၅၀၀) လောက်က မြန်မာသံရုံးရှေ့သွားပြီး ပန်းခွေများချခြင်းနဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲကို လုပ်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ နိုင်ငံပေါင်းစုံက သံဃာတော်တွေ၊ အလုပ်သမားတွေ လူအခွင့်အရေးလှုပ်ရှားသူတွေက စုပေါင်းပြီး မဲဆောက်မြို့ (UNHCR) ကုလသမဂ္ဂရုံးရှေ့ကနေ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကိုကျင်းပခဲ့ကြောင်း ဦးဆောင်လှုပ်ရှားတဲ့ သံဃာတော် တပါးဖြစ်တဲ့ အရှင်သောပါက ကလည်း အခုလိုမိန့်ကြားပါတယ်။
“ဂျပန်ပါမယ်၊ ရုရှားပါတယ်၊ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ လာအို နောက် ဒီထိုင်းနိုင်ငံမှာ ဘန်ကောက်ကနေ ဆင်းပြီး ပါကြတယ်။ နောက်ဦးဇင်းတို့ ဗမာတွေပေါ့နော်၊ အားလုံးပေါင်း ပြောမယ်ဆိုရင်တော့ ၇ နိုင်ငံ ပေါင်းပြီးတော့ လှုပ်ရှားဖြစ်ပါတယ်။”

ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မူကြီးကိုတော့ အခုထိ မေ့လို့မရသေးကြောင်း၊ လုပ်ကြံသတ်ဖြတ်ခံရမူမှာပါဝင်တဲ့သူတွေကပြောနေကြပြီး၊ နိုင်ငံတကာရောက် မြန်မာတွေကလည်း ဒီပဲယင်းလုပ်ကြံမူကြီးကို ဖော်ထုတ်စုံစမ်း အရေးယူခြင်းမရှိတဲ့ မြန်မာစစ်အစိုးရကို နိုင်ငံတကာ ခုံရုံးတင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြပါတယ်။

XS
SM
MD
LG