သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မသမာမှု ရှိမှာ ဒေါ်အောင်ဆန်းစုကြည်စိုးရိမ်


ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါနိုင်ငံသားဆု အပ်နှင်းစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၂။)
ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါနိုင်ငံသားဆု အပ်နှင်းစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၂။)

မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ဆိုရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ခိုင်ခိုင်မာမာရှိဖို့၊ အထူးသဖြင့် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကျင်းပမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မှန်မှန် ကန်ကန် ဆောင်ရွက်ရလိမ့်မယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာနေတဲ့ အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့အတွက် ပထမဆုံးအကြိမ် သမိုင်းဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် ဟာ မနေ့က ကြာသပတေးနေ့မှာ မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါ တယ်။

တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် က ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ နိုင်ငံတကာက မျှော်လင့်သလို ဖြစ်-မဖြစ် စောင့်ကြည့်ပြီး တော့မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ၊ မရုပ်သိမ်းရေးကိစ္စ စဉ်းစားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“နောက်ထပ် ဖွံ့ဖြိုးရေး အကူအညီတွေ ကျနော်တို့ ပေးချင်ပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်းပေးချင် ပါတယ်။ ဒါပေမဲ့လည်း မဲပေးချိန်မှာ ဘယ်လိုဆောင်ရွက်သလဲ ဆိုတာကို တွေ့ရတဲ့ အချိန်မှပဲ ဒါဟာဖြစ်နိုင်ပါလိမ့်မယ်။”

ကနေဒါနိုင်ငံဟာ တခြား အနောက်နိုင်ငံတွေလိုပဲ စစ်အစိုးရအုပ်ချုပ်စဉ်ကာလ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့အထဲ ပါဝင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူး ဆိုပြီး ၁၉၈၈ ခုနှစ် ကတည်းက မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ မရောင်းဖို့နဲ့ အကူအညီပေးအပ်တာတွေ မလုပ်ဖို့ ကနေဒါနိုင်ငံက တားမြစ်ထားတာပါ။ ၂ဝဝ၇ ခုနှစ် သံဃာတော်တွေကို နှိမ်နင်းမှုတွေ နောက်ပိုင်းမှာလည်း စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုတွေကို တိုးမြှင့်ချထားခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲအတွက် အာဏာပိုင်တွေ ဆောင်ရွက်ရာမှာ မမှန်မကန် လုပ်ရပ်တွေ တွေ့နေရတဲ့အကြောင်း ပြောပါတယ်။

“ မဲဆန္ဒရှင် စာရင်းတွေမှာ မမှန်ကန်တဲ့ ကိစ္စတွေ တော်တော်များများ ရှိနေတာကို ကျမတို့ တွေ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို ဒါနဲ့ ပတ်သက်လို့ တခုခုလုပ်ဖို့ အတွက်လည်း ကျမတို့ အကြောင်းကြားထားပါတယ်။ ဒါကြောင့်လည်း ကျမတို့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် ခြေလှမ်းတွေလှမ်းဖို့အတွက် စဉ်းစားဆုံးဖြတ်တာ တွေ မလုပ်ခင်မှာ ရွေးကောက်ပွဲမှာ ဖြစ်လာမယ့် အခြေအနေတွေနဲ့ လွတ်လပ်မျှတမှုရှိအောင် သေချာနီးနီးကပ်ကပ် စောင့်ကြည့်စေချင်ပါတယ်။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird နဲ့ မနေ့က တွေ့ဆုံအပြီးမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ရဲ့ မသမာမှုဆိုတာနဲ့ ပတ်သက်ပြီးပြောဆိုရာမှာ မဲဆန္ဒရှင် စာရင်းထဲမှာ ကွယ်လွန်ပြီးသားသူတွေရဲ့ နာမည်တွေပါ ပါနေတဲ့ကိစ္စကို ဥပမာပေးပြီးပြောဆိုခဲ့တာလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ ဟောပြောဖို့အတွက် ဘောလုံးကွင်း၊ အားကစားကွင်းတွေကို အသုံးပြုခွင့်မပေးဘဲ အစိုးရက တားမြစ်တဲ့ ကိစ္စတွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုနေတာ ရှိပါတယ်။ ခုလာမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲဟာ လစ်လပ်နေရာ ၄၈ နေရာအတွက် ပြုလုပ်မှာဖြစ်ပါတယ်။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာပဲ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ၊ ပွင့်လင်း မြင်သာမှု ရှိမရှိ ဆိုတာကို ကမ္ဘာက စောင့်ကြည့်နေမှာဖြစ်ပြီး တကယ်လို့သာ ဒီအခြေအနေ တွေနဲ့ မပြည့်စုံခဲ့ဘူးဆိုရင် ကနေဒါ နိုင်ငံအနေနဲ့လည်း ဒီအနေအထားကို ဆက်ပြီး စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးခံစားခွင့်ရမယ့် အကူအညီပေးမျိုးတွေကိုတော့ ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့်လထဲ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာက စိတ်ဝင်စား နေချိန်မှာ အာဆီယံအဖွဲ့ကြီးကလည်း လေ့လာစောင့်ကြည့်တဲ့အဖွဲ့တဖွဲ့ လာရောက်ချင်ကြောင်း မြန်မာအစိုးရကို ကမ်းလှမ်းထားပြီး မြန်မာအစိုးရက စဉ်းစားမယ်လို့ အကြောင်းပြန်ထားခဲ့ပေမဲ့ ခုထိတော့ တစုံတရာ တရားဝင် ထုတ်ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဒီသတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာဒ့် ဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု တရားဝင် ပေးအပ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG