သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၉၀ကျော် သေဆုံးတဲ့ တိုက်ခိုက်မှု၊ ဆီးရီးယားအစိုးရ ငြင်းဆန်


ဆီးရီးယားနိုင်ငံ ဟောလာ (Houla) မြို့မှာ သောကြာနေ့က ဆီးရီးယားအစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လူ ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆီးရီးယားအစိုးရက ငြင်းဆန်လိုက်ပါတယ်။ ဒီသေဆုံးသွားသူတွေထဲက သုံးပုံတပုံလောက်ဟာ ကလေးငယ်တွေဖြစ်ကြပါတယ်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျီဟတ် မက်ခ် ဒစ် စီ (Jihad Makdissi) ကတော့ ဒီ စွပ်စွဲချက်တွေဟာ အကြီးအကျယ် လိမ်ညာမှုတွေသာဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သမားတွေကသာ ဆီးရီးယား တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်း သူက အပြစ်ဖို့ခဲ့ပါတယ်။

ကုလသမဂ္ဂ စောင့်ကြည့်အကဲခတ်သူတွေကတော့ အစိုးရဆန့်ကျင်မှုတွေ အဓိက ဖြစ်ပွားရာ Homs မြို့ ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ဟောလာမြို့ကို တိုက်ခိုက်တဲ့နေရာမှာ လက်နက်ကြီးတွေ၊ သံချပ်ကာ တင့်ကားတွေ ကို အသုံးပြုခဲ့ကြတယ်လို့ ပြောဆိုခဲ့တာပါ။

အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကတော့ - ဆီးရီးယားတပ်ဖွဲ့တွေအနေနဲ့ သူတို့ တိုက်ခိုက်ခံနေ ရတဲ့ အခြေအနေကို ခုခံ ကာကွယ်ရင်း လက်တုန့်ပြန်ခဲ့တာဖြစ်ပြီး သူတို့ဘက်က လက်နက်ကြီးတွေ သံချပ်ကာ တင့်ကားတွေကို မသုံးခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အခု ဟောလာ (Houla) မြို့ တိုက်ခိုက်ခံရမှုဟာ သမ္မတ ဘက်ရှာ အယ်လ် အာဆတ် (Bashar al-Assad's) ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ၁၅ လတာ ကာလအတွင်း အသေအပျောက် အများဆုံး တိုက်ခိုက်မှုလည်းဖြစ်ပါ တယ်။ သောကြာနေ့ က ၀တ်ပြုဆုတောင်းပွဲအပြီး ဆီးရီးယား စစ်တပ်ကနေ မြို့ကို ပစ်ခတ်ခဲ့တဲ့အတွက် အခုလို သေဆုံးကြရတာလို့ မျက်မြင်သက်သေတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG