သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေညဝါဆရာတော်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ


ရွှေညဝါဆရာတော်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ
ရွှေညဝါဆရာတော်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ မန္တလေးတိုင်းကရုံးမှာ သြဝါဒပေးမိတဲ့အတွက် တိုင်းသံဃာ့မဟာနာယက အဖွဲ့က ရွှေညဝါဆရာတော် ဦးပညာသီဟကို အရေးယူဆောင်ရွက်မယ်ဆိုတာကြောင့် အကျဉ်းထောင်ကနေ ပြန်လွတ်လာသူတွေအပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေ စုဝေးပြီး ဆရာတော်ကြီးထံကို ဝန်းရံဖို့အတွက် ဒီကနေ့မှာ သွားရောက်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရားဟောခွင့် ၁ နှစ်ပိတ်ပင်ခံထားရတဲ့ ရွှေညဝါ ဆရာတော်ဟာ မန္တလးတိုင်း၊ NLD ရုံးက ဖိတ်ကြားတဲ့အတွက် သြဝါဒပေးမိခဲ့တာကြောင့် တိုင်းသံဃာ့မဟာနာယက အဖွဲ့က အရေးယူ ဆောင်ရွက်ဖို့ လာမယ့် ၁၉ ရက်နေ့၊ နေ့လည် တနာရီမှာ ဆရာတော်ကို ဆင့်ခေါ်ထားတာပါ။

ဒီလို အခြေအနေတွေဖြစ်လာတဲ့အတွက် ဆရာတော်ကြီးထံ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်တွေ သွားရောက်တွေဆုံခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောပါတယ်။

“ရွှေညဝါဆရာတော်ကို သွားဖူးတာပေါ့နော်။ ကျနော်တို့ ဆရာတော်ကို အေးအေးဆေးဆေး တွေ့မယ်လို့ အောက်မေ့တာ။ အခု မအေးဆေးသေးဘူးဆိုတော့ အကျိုးအကြောင်းလေးလည်း မေးမြန်းရင်းပေါ့”

အခုလိုမျိုး တိုင်းပြည်မှာအမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာချိန်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေ ခွင့်ပြုလာချိန်မှာ အရေးယူဆောင်ရွက်မှုတွေ မလုပ်သင့်ဘူူးလို့ ၈၈ မျိုးဆက်တွေကဆိုပါတယ်။

“လွတ်လပ်စွာ တရားဟောပြောခွင့်တွေအတွက်၊ လွတ်လပ်စွာစာပေဟောပြောခွင့်၊ စုရုံးခွင့်၊ ဆန္ဒပြခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်-ဒါတွေရော အခု မီဒီယာလောကမှာလည်း ပွင့်လင်းလာသလို နယ်ပယ်အသီးသီးမှာလည်း စာပေဟောပြောပွဲတွေလည်း လုပ်ခွင့်ရတာ ရှိပါတယ်။ ဆရာတော်ကို အရေးယူတယ်ဆိုတာကလည်း တရားဟောပြောခွင့် ပိတ်ပင်ခဲ့တယ်လို့ ကျနော်တို့သိရတယ်ပေါ့နော်။ တရားဟောခွင့်ပိတ်ထားတာကို သွားပြီးဟောပြောတဲ့အတွက် အရေးယူဆောင်ရွက်တယ်လို့ ပြောတယ်ပေါ့။ အဓိကအချက်က။

ဆရာတော်ဟောတယ်ဆိုတာကလည်း ဘာသာရေးတရားပါပဲ။ တရားဟောတယ်ဆိုတာကလည်း ဆရာတော်ကို သြဝါဒလာပေးပါဆိုလို့ လူထုပရိသတ် အများကြီး နဲ့လည်း ဟောတာမဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သွားပြီးတော့ သြဝါဒပေးပေးပါဆိုလို့ သွားရတာဖြစ်တဲ့ အတွက်ကြောင့် တရားဟောတာလည်းမဟုတ်ဘူးလို့ ကျနော်တို့ ဖြေရှင်းထားတယ်။

အဲဒီအပေါ်မှာ ပြန်လည် လျှောက်ထားတောင်းပန်ချက်တွေကိုတော့ ပြန်လည်စဉ်းစားသင့်တယ်၊ ဒီအပေါ်မှာ အေးအေးဆေးဆေးဖြစ်လိမ့်မယ်လို့ ယုံကြည်ပြီးတော့ ကျနော်တို့ မျှော်လင့်နေတယ်ပေါ့။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲနဲ့ အခုလို တိုင်းသံဃာ့မဟာနာယက အဖွဲ့က ပြန်ဆုံးဖြတ်မယ်ပေါ့နော်- ဆရာတော်ရဲ့တောင်းပန်ချက်၊ လျှောက်ထားချက်ကို ပ,လပ်ပြီးတော့ အရေးယူဖို့ ဆုံးဖြတ် ဆောင်ရွက်မယ်ဆိုရင်တော့ ဒါတွေက မဖြစ်သင့်ဘူး-ဆရာတော်ကြီးတွေအနေနဲ့ ဒါကို အလေးအနက်ထား စဉ်းစားဖို့ကိုလည်း ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံပြီးတော့ လျှောက်ထားချင်ပါတယ်”

ဆရာတော်ကြီးကို အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်း ဝန်းရံမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောသွားပါတယ်။

“တိုင်းပြည်မှာ အားလုံး ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အခုအချိန်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်နေတယ်ပေါ့နော်-ကျနော်တို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာမှာ ငြိမ်းချမ်းရေးအတွက် အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ စည်းစည်းလုံးလုံးနဲ့ သွားချင်တဲ့ဆန္ဒရှိတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ အကောင်းဆုံးဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ”

ရွှေညဝါ ဆရာတော်ဦးပညာသီဟဟာ နိုင်ငံရေးနဲ့ပတ်သက်သူတွေရဲ့ အထိမ်းအမှတ် ဆွမ်းကျွေး၊ အလှူဒါနတွေကို လက်ခံခဲ့ပြီး သာဓုကျောင်းတိုက်မှာလည်း အထိမ်းအမှတ်ပွဲတွေကို ကျင်းပခွင့် ပေးခဲ့တာပါ။

ဆရာတော်ဟာ ဘာသာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ချိန်မှာ ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့ ဆရာတော်လည်းဖြစ်ပါတယ်။

XS
SM
MD
LG