ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြမ်းမဖက် ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ ပါကစ္စတန် ပြည်သူတွေအတွက် အတုယူ အားကျစရာဖြစ်တယ်လို့ဆိုပြီး Benazir Bhutto Shaheed ဆုကို ပါကစ္စတန် သမ္မတကိုယ်တိုင်က ချီးမြှင့်ခဲ့ပါတယ်။ လက်ရှိအာဏာရ ပါကစ္စတန်ပြည်သူ့ပါတီက ၂၀၁၀ ခုနှစ်ထဲက ပေးအပ်ထားတဲ့ဆုကို သမ္မတ Asif Ali Zardari မြန်မာနိုင်ငံ လာရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ကိုင်တွေ့ဆုံ ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံကို အင်္ဂါနဲ့ ဗုဒ္ဓဟူး ၂ ရက်ခရီးလာတဲ့ Pakistan သမ္မတ Asif Ali Zardari ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်တွေ့ဆုံပြီး Benazir Bhutto Shaheed ဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်သူ သူ့ရဲ့ဇနီး ဝန်ကြီးချုပ်ဟောင်း Benazir Bhutto အတွက်အမှတ်တရအဖြစ် ပါကစ္စတန်ပြည်သူ့ပါတီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းသူတွေ၊ အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ လူမှုအဆင့်အတန်းတွေကို တိုးတက်အောင် ဆောင်ရွက်တဲ့သူတွေကို ဂုဏ်ပြုတဲ့ ဆုလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ဆုပေးပွဲ အခမ်းအနားကို လုပ်ခဲ့တာမှာ ဘာကြောင့် ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးရသလဲ ဆိုတာကို ပါကစ္စတန် သမ္မတရုံး တာဝန်ရှိသူက ခုလိုပြောကြားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ ဆောင်ရွက်မှုတွေဟာ ပါကစ္စတန်ပြည်သူတွေအတွက် အားကျ အတုယူစရာဖြစ်ပါတယ်။ ကွယ်လွန်သူ Benazir Bhutto Shaheed လိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို အကြောက်အရွံ့မရှိ အကြမ်းမဖက်တဲ့နည်းနဲ့ ကြိုးပမ်းမှုတွေကို လူတိုင်းက အသိအမှတ်ပြုပြီး အဆင့်အမြင့်ဆုံး လေးစား ဂုဏ်ပြုပါတယ်လို့ ပြောသွားတာဖြစ်ပါတယ်။ တန်းတူအခွင့်အရေးရရှိရေး၊ လူ့ ဂုဏ်သိက္ခာရရှိရေးတွေအတွက် စံပြ ကိုယ်ကျိုးစွန့် ဆောင်ရွက်သူ တယောက်ဖြစ်တယ်” - လို့လည်း ပြောကြားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့သူတယောက်ဖြစ်တဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်းအတွက်အမှတ်တရ Benazir Bhutto Shaheed ဆုပြားကို သမီးဖြစ်သူ Aseefa Bhutto Zardari က ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲပေးခဲ့ပါတယ်။ ပါကစ္စတန်ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ သူ့ရဲ့သားလည်းဖြစ်တဲ့ Bilawal Bhutto Zardari လည်း ဒီပွဲမှာ ရှိနေခဲ့ပါတယ်။ အခုအချိန်မှာ ဇနီးဖြစ်သူကို ရှိနေစေချင်တယ်လို့ သမ္မတ Zardari က ခုလိုပြောသွားခဲ့ပါတယ်။
“အခုအချိန်မှာ သူ့ရဲ့ ဇနီးကိုရှိစေချင်ပေမဲ့ ဇနီးရဲ့ ဝိဉာဉ်ကတော့ ရှိနေပါလိမ့်မယ်လို့ ပြောသွားခဲ့သလို ကမ္ဘာတလွှား ဒီမိုကရေစီကို အားပေးရာရောက်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေးကြိုးပမ်းမှု အောင်မြင်မှု ရရှိမှာဖြစ်ပါတယ်”- လို့ ပြောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံနဲ့ သူ့ကိုဂုဏ်ပြုတဲ့အပေါ် ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး သူ့မိသားစုနဲ့ ပါကစ္စတန်သမ္မတို့ မိသားစုကြားမှာ တူညီတဲ့ ပေးဆပ်မှုတွေ ရှိတဲ့အကြောင်းကို အသားပေးပြောသွားခဲ့ပါတယ်။
“ကျွန်မတို့ မိသားစုတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဟာ သိပ်ကို ဆင်တူပါတယ်။ ကမ္ဘာ့ ဘယ် အရပ်မှာပဲ ဖြစ်ဖြစ် ကိုယ်ချစ်ခင်တဲ့ မိသားစုဝင်တယောက်ယောက် ခံစားရပြီဆိုရင် ကျန်တဲ့ မိသားစုတွေလည်း ခံစားကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ နိုင်ငံထဲက မိသားစုဝင်တွေ ခံစားနေကြရတာတွေကို အတတ်နိုင်ဆုံး ရပ်သွားစေဖို့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်နေကြလို့ပါ။
နေရာတိုင်းမှာရှိနေတဲ့ မိသားစုတွေ၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ယုံကြည်စိတ်ချစွာနဲ့ အကာအကွယ်ပေးနိုင်ဖို့ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့်နေ့ ရောက်လာမယ်လို့လည်း မျှော်လင့်ကြောင်း”- ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ပါကစ္စတန်သမ္မတ Zardari ဟာ မနေ့ကတော့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်ရှင်။