သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရ အပစ်ရပ်ရေး မူအားဖြင့် သဘောတူ


မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက် ၅ ချက်ကို ပဏာမ သဘောတူလိုက်ပြီဖြစ်ပါတယ်။ ဒီသဘောတူညီချက် ၅ ချက်ဟာ မူအရ သဘောတူတာဖြစ်ပြီး မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီရဲ့ သဘောတူညီချက် ရယူပြီးတဲ့နောက် ဒီလ တတိယအပတ်အတွင်းမှာ ဒီ သဘောတူညီချက်တွေကို အပြီးသတ် လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီက ဘာတွေ တောင်းဆိုထားသလဲဆိုတာကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

NMSP ခေါ် မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဋ္ဌ နိုင်ရော့စ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မီးရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မော်မြိုင်မြို့၊ ကမ်းနားဟိုတယ်မှာ ဒီမနက် ၉ နာရီက စတင်တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

နေ့ခင်း ၁၁ နာရီမှာတော့ အချက် ၅ ချက်ပါ ပဏာမ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီနဲ့ ပြည်နယ်အဆင့် ကိုယ်စားလှယ်တွေ လက်မှတ် ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့အချက်တွေကိုတော့ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် နိုင်တလညီက အခုလို ပြောပါတယ်။

“သဘောတူညီချက်က ဒီလိုပါ။ အဓိကကတော့ ပြည်နယ်အဆင့်နဲ့သဘောတူညီချက် လက်မှတ်ထိုးတယ်။ အဲဒီမှာ သဘောတူညီချက် ၅ချက်ကတော့ အပစ်အခတ်ရပ်စဲမယ်။ ဆက်ဆံရေးရုံးဖွင့်မယ်။ လက်နက် မပါဘူးဆိုရင် တပ်ဖွဲ့ဝင်တွေ သွားလာခွင့်ရှိမယ်။ နောက်တချက်က ပြည်ထောင်စုအဆင့်နဲ့ ထပ်တွေ့ဖို့ပေါ့ အဲဒီအချက်တွေပါ”

ဒီသဘောတူညီချက်မှာ နှစ်ဘက် သဘောတူတဲ့နေရာမှာ နေထိုင်ဖို့ ဆိုတဲ့အချက်ပါဝင်သလို ဒီသဘောတူချက် ၅ ချက်ကို မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီကို တင်ပြပြီးမှ ဖေဖော်ဝါရီလ တတိယအပတ်မှာ အပြီးသတ် လက်မှတ် ရေးထိုးမှာ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီဘက်က ဒုဥက္ကဋ္ဌ နိုင်ရော့စ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီ၊ ဒုစစ်ဦးစီးချုပ်- ဗိုလ်ချုပ် လယီကောင်းတို့ ဦးဆောင်ပြီး စစ်ဘက် အရပ်ဘက်က တာဝန်ရှိသူ ၇ ယောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ရရှိတဲ့ သဘောတူချက် ၅ ချက်ကို မွန်ပြည်သစ်ပါတီက ငြိမ်းချမ်းရေး ကိုယ်စားလှယ် အားလုံး ပါဝင် လက်မှတ်ထိုးခဲ့ပြီး အစိုးရဘက်ကတော့ မွန်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီးဦးဆောင်တဲ့ ပြည်နယ် ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက ပါဝင် လက်မှတ်ရေးထိုးကြတယ်လို့ နိုင်တလညီက ပြောပါတယ်။

ဒီနေ့ ဆွေနွေးပွဲဟာ မွန်ပြည်သစ်ပါတီနဲ့ အစိုးရဘက်က ပြည်နယ်အဆင့်နဲ့ ဆွေးနွေးတာဖြစ်ပေမဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေး ဝန်ကြီးဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမှတ်၁ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်း၊ ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့ ပါဝင် တက်ရောက်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဘက်က တင်ပြတဲ့ တောင်းဆိုချက်တွေကိုတော့ မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက လက်ခံရယူပြီး အထက်ကို ဆက်လက်တင်ပြသွားမှာ ဖြစ်ကြောင်းပြောပေမဲ့ ဘယ်အချက်တွေဆိုတာကို နိုင်တလညီက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကတော့ ဒီဆွေးနွေးပွဲမှာ တင်ပြဖို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီက တောင်းဆိုချက် ၁၁ ချက်ကို ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

“ကျနော်တို့ ၁၁ ချက်တော့တင်ပြထားတယ်ဗျ။ ၁၁ချက်ကို ရေးထားတယ်။ အဓိက အရေးကြီးတဲ့ အပိုင်းတွေက ၁ က တပြည်လုံးအပစ်အခတ်ရပ်စဲရေးဖြစ်ဖို့။ ၂ ကတော့ နိုင်ငံရေးအရ အမြန်ဆွေးနွေးနိုင်ဖို့ ပေါ့ဗျာ။ ၃ လ အတောအတွင်း နိုင်ငံရေးအရ စတင်ဆွေးနွေးနိုင်ဖို့၊ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါကျရင် UNFC အဖွဲ့ အဖွဲ့ဝင်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနဲ့ ဗဟိုအစိုးရနဲ့ ဆွေးနွေးဖို့ ဆိုတာတွေအပါအဝင်ပေါ့ဗျာ”

ဒါ့အပြင် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးနေစဉ်ကာလမှာ မွန်ပြည်သူတွေ၊ အခြားတိုင်းရင်းသား အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ သံတမန်နဲ့ မီဒီယာအဖွဲ့တွေကို လွတ်လပ်စွာ တွေ့ဆုံခွင့်ရရှိဖို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝ၁၀ မှာ နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းရေးကို လက်မခံတဲ့နောက် အစိုးရနဲ့ ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အတွင်းမှာတော့ မွန်ပြည်သစ်ပါတီနဲ့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ထိုင်းနိုင်ငံမှာ ပထမတကြိမ်အဖြစ် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လောလောဆယ်မှာတော့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဝ၊ မိုင်းလား၊ ကရင်၊ ချင်း၊ ရှမ်း စတဲ့အဖွဲ့တွေနဲ့ အပစ်ရပ်စဲဖို့ သဘောတူညီချက် ရရှိထားပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့လည်း ဇန်နဝါရီလအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ကချင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်တာတွေ ရပ်ဆိုင်းနေပါတယ်။

ဒီလအတွင်းမှာတော့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ကရင်နီတိုးတက်ရေးပါတီ KNPP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု FD စတဲ့အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်ခင်ဗျား။

XS
SM
MD
LG