ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ရီပါဘလစ်ကန်ပါတီက သမ္မတလောင်း ဝင်ရွေးကြမယ့် သူတွေထဲမှာ Mitt Romney က ဖလော်ရီဒါပြည်နယ် ပဏာမ ရွေးကောက်ပွဲမှာ အခိုင်အမာ အနိုင်ရခဲ့ပါတယ်။
သူ့ရဲ့အောင်ပွဲခံမိန့်ခွန်းမှာတော့ နိုင်ငံရဲ့စီးပွားရေးထိခိုက်ရတာ သမ္မတအိုဘားမားကြောင့်လို့ အပြစ်တင် ဝေဖန်ခဲ့ပါတယ်။ Mitt Romney က သမ္မတ အိုဘားမားရဲ့ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကိုလည်း ပျက်ပြယ်အောင်လုပ်မယ်လို့ ကတိပေးလိုက်ပါတယ်။
အသုံးစရိတ်တွေကိုထိန်းညှိပြီး အမေရိကန်ပြည်ထောင်စုကို ချမ်းသာကြွယ်ဝတဲ့ ခေတ်သစ်တခု ရောက်အောင် လုပ်ဆောင်မယ်လို့လည်း Mitt Romney က ဆိုပါတယ်။
မက်ဆာချူးဆက်စ်ပြည်နယ်အုပ် ချုပ်ရေးမှူးဟောင်း Mitt Romney ဟာ အမေရိကန် အရှေ့တောင်ပိုင်း၊ ဖလော်ရီဒါပြည်နယ်မှာ မဲတွေရဲ့ ၄၆ % နဲ့ မနေ့က အနိုင်ရခဲ့တာပါ။ သူနဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ အောက်လွှတ်တော် သဘာပတိဟောင်း Newt Gingrich ကတော့ မဲ တွေရဲ့ ၃၂ % ပဲ ရခဲ့ပါတယ်။