အငြင်းပွားနေကြတဲ့ နျူကလီယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးဖို့ သံတမန်ရေး လမ်းကြောင်းဖွင့်ထားတယ်လို့ အမေရိကန် အကြီးတန်း သံတမန်တဦးက ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ နျူကလီယားအရေး အရင်တုန်းက ပေးခဲ့တဲ့ကတိတွေနဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကပြောဆိုလိုက် ပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်ကိုရီးယားနိုင်ငံကတဆင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်အောင်နဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေး၊ လမ်းကြောင်းဖွင့်ထားဖို့ ကျနော်တို့ သဘောတူထားပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယားက တဆင့် ကြားခံပေးမယ့် လမ်း ကြောင်းကနေ ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ ကျနော်တို့ ရှင်းရှင်း လင်းလင်း ပြောထားပြီးဖြစ်တယ်ဆိုတာကို ထပ်ပြီးပြောပါရစေ”
တောင်ကိုရီးယားနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က တောင် ကိုရီးယား နျူကလီးယားရေးရာ အထူး ကိုယ်စားလှယ် Lim Sung Nam နဲ့ဆွေးနွေးအပြီး အခုလို ပြောဆိုလိုက်ပါတယ်။ နျူကလီယားအရေး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြန်မစမီ မြောက်ကိုရီးယားခေါင်းဆောင်သစ် Kim Jong Un အနေနဲ့ လိုအပ်ချက်တွေကို ပြင်ဆင်မှု ရှိမရှိ စောင့်ကြည့်နေတဲ့အကြောင်း ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကတော့ ဆွေးနွေးပွဲပြန်မစခင် မြောက်ကိုရီးယားအနေနဲ့ ယူရေနီယမ်သန့်စင်ရေး ဓာတ်ပေါင်းဖိုကို ပိတ်ပစ်ရမယ်လို့ တိုက်တွန်းနေပါတယ်။ မြောက် ကိုရီးယားဘက်က ရိုးသားမှုကို ပြသနိုင်မှသာ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြန် စတင်နိုင်မှာဖြစ်တယ်လို့ တောင်ကိုရီးယား ဝန်ကြီးချုပ် Kim Hwang Sik က ဗုဒ္ဒဟူးနေ့က ပြောပါတယ်။