သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စည်းကမ်းမဲ့နိုင်ငံ မတိုးတက်နိုင် သူရ ဦးရွှေမန်းဝေဖန်


သူရဦးရွှေမန်း (လက်ယာဘက် အတွင်းပိုင်း ဒုတိယနေရာ)
သူရဦးရွှေမန်း (လက်ယာဘက် အတွင်းပိုင်း ဒုတိယနေရာ)

ပြည်သူ့ဝန်ထမ်းလစာ တိုးရေးကိစ္စကို မဖြစ်မနေရအောင် ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ကလည်း ပြည်သူ့အကျိုးကို ကြည့်ပြီးတော့ ကောင်းတဲ့အပြောင်းအလဲတွေ အမြန်ဆုံးဖော်ဆောင်သွားဖို့လည်း တိုက်တွန်းပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ဦးရွှေမန်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒီ အကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြီး တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်က ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မတီနဲ့အတူ မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဥပဒေပညာရှင်တွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံပြီးတော့ ဆွေးနွေးပွဲတစ်ရပ်လုပ်ပါတယ်။

မနက် ၉ နာရီ ခွဲကနေ နေ့လယ် ၁၂ နာရီ အထိလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ရှေ့လာမယ့် ဘဏ္ဍာနှစ် အတွင်း ပြည်သူ့ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ကိစ္စတွေကို ရှင်းပြခဲ့သလို ဒီ အကြံပေး အဆိုပြုချက်တွေကို အကောင်အထည်ဖော်လာဖို့ကိုလည်း မဖြစ်မနေ လုပ်ဆောင်သွားမယ်ဆိုတာကို သူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော်ထဲမှာ ပြောသွားပါတယ်။

“သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ အမှန်တကယ်ဖြစ်လာဖို့၊ ဖြစ်စေနိုင်ဖို့၊ နိုင်ငံသားများ၊ ဝန်ထမ်းများရဲ့ လုပ်ခလစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘက်ဂျက်နှစ်အစတွင် မဖြစ်မနေ တိုးပေးရေး- ကျနော့်ဘက်ကတော့ အခု လစာတိုးပေးမယ်။ ဘက်ဂျက် အစမှာ- အဲဒီလို တိုးပေးတဲ့အခါမှာ အခြားငွေ ရှာစရာမလိုဘဲနဲ့ ဘက်ဂျက်ကိုလည်း ဥပဒေ ပြုပေးပါလို့ ပြောတဲ့၊ စီမံကိန်းနဲ့ ဘက်ဂျက်များ ဥပဒေ ပြုပေးရေးနဲ့ ထိုသို့ မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ သဘောကတော့ ဒီ စီမံကိန်း မလုပ်ပါနဲ့-ပြောတာပါ။ အကြွေးတွေကလည်း ထူနေတယ်။ ပြန်ကြည့်မယ်ဆိုရင် စိတ်ဓာတ်မကောင်းတဲ့ နိုင်ငံ၊ စည်းကမ်းမကောင်းတဲ့နိုင်ငံ ဘယ်တော့မှ မတိုးတက်နိုင်ဘူး။”

တခါ နိုင်ငံအတွက် အကျိုးမရှိတဲ့ ဥပဒေရပ်တွေကို ပြင်ဆင်ဖို့ ပြောခဲ့တဲ့အပြင် ဒီ ကောင်းတဲ့ အပြောင်းအလဲတွေကို အမြန်ဆုံး ဖော်ဆောင်ဖို့ကိုလည်း သူရ ဦးရွှေမန်းက တိုက်တွန်းသွားပါတယ်။

“ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့ ကိုယ့်နိုင်ငံကောင်းလာအောင် ကိုယ့်အမျိုးသားများ ပိုကောင်း လာအောင် အကျိုးစီးပွားများ ပိုမို ဖြစ်ထွန်းလာအောင် အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါမယ်။ ကောင်းတာဖြစ်ဖို့ ပြောင်းလဲကြရအောင်ပါ။

ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားများကို တကယ်ချစ်ရင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုယ်အသိဘာသာ အယူအဆ အစွဲမထားဘဲ စီမံဆောင်ရွက်ကြရအောင်ပါ။ သန်း ၆၀ သော ပြည်သူလူထု၏မျက်နှာနဲ့ အကျိုးစီးပွားကို ကြည့်ကြရအောင်ပါ။ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူ့အကျိုး မကြည့်ဘူး၊ မဆောင်ရွက်ဘူးဆိုရင် ခွင့်မလွှတ်ကြပါနဲ့။ ကျနော့်ကိုလည်း ခွင့်မလွှတ်ပါနဲ့။”

ဒါကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီနေ့ ရန်ကုန်လွှတ်တော်ထဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစိတ်တပိုင်းပါရှင်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ထဲမှာ ဒီ ဝန်ထမ်းတွေ လစာတိုးပေးရေးနဲ့ပတ်သက်ပြီး သူပြောခဲ့တဲ့ မိန့်ခွန်းကို ရေဒီယိုနဲ့ ရုပ်သံတွေမှာ ပြန်လွှင့်တဲ့အခါ ဆင်ဆာဖြတ်တောက်မှု ရှိတယ်ဆိုတာကိုလည်း ဒီ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေ နဲ့ တွေ့ဆုံရာစဉ်မှာ ပြောခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ သတင်း အယ်ဒီတာ တစ်ဦးကပြောပါတယ်။

“သူ့ မိန့်ခွန်းထဲမှာ ထူးဆန်းတာက ဒီ ပြည်သူ့လွှတ်တော်မှာ ဝန်ထမ်းလစာ တိုးပေးဖို့ဟာကို သူပြောတယ်မို့လား။ အဲဒါတွေကို ရုပ်မြင်သံကြားက ဖြတ်တယ်။ သတင်းစာကလည်း ဖြတ်တယ်။ အတိအကျမပါဘူး-ဘယ်မှာမှ ပေါ့နော်။ အဲဒီတော့ အစိုးရက ဖျက်လိုက်တယ်ပေ့ါနော်။

အဲဒီလို ပြောပြီးတော့ သတင်းစာ ရှင်းလင်းပွဲအပြီးမှာ စာရေးဆရာ ဖေမြင့်က မေးတယ်ပေ့ါနော်။ ဒီမိုကရေစီသာပြောတာ- စတုတ္ထမဏ္ဍိုင်က ဘာလို့ အဲဒီလိုတွေ လုပ်နေတာလဲဆိုတာကို ဒီ လွှတ်တော်ရဲ့ အမြင်ပေါ့နော်- ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့အမြင်ကို ပြန်ပြီးတော့ မေးတယ်။ သူကတော့ အခု ခင်ဗျားတို့ မြင်တဲ့ အတိုင်းပဲပေါ့နော်၊ ကြားတဲ့ အတိုင်းပေါ့၊ ဒီလောက်ပါပဲ။”

တခါ နိုင်ငံထဲမှာ ပြင်ဆင်ဖို့လိုနေတဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းအကြောင်းတွေ ဥပဒေရေးရာ ကိစ္စတွေကိုလည်း တခြားတက်ရောက်ခဲ့တဲ့လူတွေက ဆွေးနွေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ဥပဒေနဲ့ ပတ်သက်ရင် ကျနော်တို့ ဆီက အများကြီး လိုနေတာပေ့ါ။ အသေးစိတ်ဆွေးနွေးတာတော့ အများကြီးပေါ့။ ကျနော်တို့ အချိန်မရတဲ့ လူတွေကလည်း စာနဲ့တင်တာပေ့ါ။ ကျနော်တို့ကတော့ ဥပဒေတွေလည်း ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့လည်း တိုက်တွန်းတာပေ့ါနော်။

ကျနော်တို့ဆီမှာ တကယ်တမ်းကျတော့ ဥပမာ တိုက်ခန်းဆိုလို့ရှိရင် တိုက်ခန်း ပိုင်ဆိုင်မှုဥပဒေ မရှိတဲ့ အခါကျတော့ ကျနော်တို့ လက်မှတ်ထိုးတဲ့အခါကျလို့ရှိရင် မြေရှင်ကို 5 percent (၅%)ပေးရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက သက်သေလက်မှတ်ထိုးရတာ ပေးရတယ်ပေ့ါ။ ဒါတွေကို သူရဲ့ Protection (ကာကွယ်မှု-ဆိုင်ရာ) ဥပဒေ ပေါ်လာရင်တော့ ဒီပေးဆောင်ရမယ့်ဟာ နိုင်ငံတော်က ပိုက်ဆံရတာပေ့ါ။

နောက် လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အမှုအခင်း ၅၀ ရာခိုင်နှုန်းကျော်က တိုက်ခန်း ပိုင်ဆိုင်မှု အငြင်းပွားတာကြောင့်ဖြစ်နေတယ်။ ထုတ်ကုန်သွင်းကုန် ဥပဒေတို့၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ဥပဒေပေါ့နော်။ ဒါတွေပေါ့နော်။ ပြောရရင် အများကြီးပေါ့နော်၊ ဥပဒေတွေ တော်တော်များများ၊ ခေတ်နဲ့မလျော်ညီတာတွေ ပြင်ဆင်ဖို့။”

ဒေါက်တာ စိုးထွန်းပါရှင်။ ဒီကနေ့ ရန်ကုန်ပြည်သူ့ လွှတ်တော်ထဲမှာ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲ အတွင်းမှာလည်း စီးပွားရေး လုပ်ငန်းရှင်တွေက ဒီ ဝန်ထမ်းတွေရဲ့ ဘဝ ရပ်တည်ရေး ခက်ခဲတဲ့ အကြောင်းကို ပြောပြသွားသလို ဒီဝန်ထမ်းတွေ လစာတိုးရေး ကိစ္စကိုလည်း အလေးအနက် တိုက်တွန်းသွားတယ်လို့လည်း ပြောပါတယ်ရှင်။

XS
SM
MD
LG