သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးပျံအစီအစဉ် ကုလအတွင်းရေးမှူးချုပ် သတိပေး


အာကာသထဲကို ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ မြောက်ကိုရီးယားက စီစဉ်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ဒီကိစ္စကိုလည်း ရှေ့တစ်ပတ်ထဲ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြိ့က နျူကလီယား လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

နျူကလီယားလက်နက် တပ်ဆင်ပစ်လွှတ်နိုင်ဖို့ စမ်းသပ်ချက် တစ်ခုအဖြစ် အများက မြင်နေကြတဲ့ ဒုံးပျံပစ်လွှတ်မယ့် အစီအစဉ်ဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အတွင်းရေးမှူးချုပ်က ကြာသပတေးနေ့မှာ ပြောလိုက်တာပါ။ ဒီအစီအစဉ်ဟာ တာဝေးပစ်ဒုံးပျံ နည်းပညာတွေ အသုံးမပြုဖို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ပြောသွားပါတယ်။

မြောက်ကိုရီးယားကတော့ ဧပြီလလယ်မှာ ပစ်လွှတ်ဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဆိုးလ်မြို့က လုံခြုံရေး အစည်းအဝေးပွဲ အတွင်း အချေအတင် ဖြစ်နေရတဲ့ နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တောင်ကိုရီးယားက ကြိုးစားလာမယ်ဆိုရင်တော့ စစ်ကြေညာတာလို့ သဘောထားမှာ ဖြစ်တဲ့အကြောင်းလည်း မြောက်ကိုရီးယားက ဒီတစ်ပတ် အစောပိုင်းမှာပဲ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့လထဲမှာတုန်းကတော့ ယူရေနီယံ သန့်စင်မှုတွေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဆိုင်းငံ့ထားဖို့ မြောက်ကိုရီးယားက သဘောတူထားတာပါ။ ဒီလိုပဲ မြောက်ကိုရီးယားမှာ အကြီးအကျယ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ အမေရိကန်ထံက ရရှိဖို့အတွက် အပြန်အလှန်အနေနဲ့ ကုလသမဂ္ဂ နျူကလီယားလက်နက် စုံစမ်းစစ်ဆေးသူတွေကို ပြန်လည် လာရောက်ခွင့်ပေးဖို့ သဘောတူထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က နှင်ထုတ်ခံထားရတဲ့ စုံစမ်းစစ်ဆေးသူတွေ ပြန်လည် သွားရောက်နိုင်ရေး မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ အကြို ဆွေးနွေးမှုတွေ ရှိနေတဲ့အကြောင်း ကြာသပတေးနေ့ကပဲ ပြောဆိုခဲ့တာပါ။

XS
SM
MD
LG