အမေရိကန်ပြည်ထောင်စုက Dartmouth ကောလိပ်အကြီးအကဲ ကိုရီးယားလူမျိုး Jim Yong Kim ကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရာထူးအတွက် သမ္မတအိုဘားမားက ရွေးချယ်လိုက်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ တာဝန်အတွက် အသက် ၅၂ နှစ်အရွယ် Mr. Kim ကို မျှော်လင့်မထားဘဲ အမေရိကန်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အတွေ့အကြုံရှိတဲ့ Mr. Kim ဟာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရာထူးနေရာအတွက် အင်မတန်မှသင့်တော်ပြီး ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကြိုးစားရင် ခုလိုအခြေအနေအထိ ရောက်နိုင်တယ်ဆိုတာကို သာဓက ပြနေတယ်လို့ သမ္မတ Barak Obama ကပြောပါတယ်။ အခုလို သမ္မတ Obama ရဲ့ရွေးချယ်မှုကို ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က အတည်ပြုခဲ့မယ် ဆိုရင် Mr. Kim ဟာ June လကုန်မှာ ကမ္ဘာဘဏ်ဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်ပါတယ်၊ လက်ရှိဥက္ကဋ္ဌ ဖြစ်တဲ့ Robert Zoellick က June လကုန်မှာ ရာထူးကနေ နှုတ်ထွက်မယ်လို့ မကြာခင်ကပဲ ကြေညာခဲ့တာဖြစ်ပါတယ်။ အမေရိကန်လူမျိုးတွေကပဲ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရာထူးကို ယူလာခဲ့တာဖြစ်ပြီး ဒီတခါ အမေရိကန်သမ္မတ ရွေးချယ်သူနဲ့ ပတ်သက်လို့ သိသိသာသာ စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။
ဒီရာထူးအတွက် အမေရိကန်က မဟုတ်တဲ့ တခြားနိုင်ငံသားတွေကို ပေးစေချင်တယ်လို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ပြောနေကြတာပါ၊ Angola, Nigeria နဲ့ တောင်အာဖရိကနိုင်ငံတွေက Nigeria က ဘဏ္ဍာရေးဝန်ကြီး Ngozi Okonjo-Iweala ကို သောကြာနေ့ကပဲ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌအဖြစ် ထောက်ခံတင်ပြခဲ့ကြပါတယ်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရာထူးကို စီးပွားရေး ဒါမှမဟုတ် ဘဏ်လုပ်ငန်း အတွေ့အကြုံရှိကြသူတွေကို များသောအားဖြင့် တာဝန်ပေးပါတယ်။ ဒါပေမဲ့ သမ္မတအိုဘားမား ရွေးချယ်ခဲ့တဲ့ Mr. Kim ကတော့ ဆရာဝန်တယောက်ဖြစ်သလို မနုဿဗေဒ ပညာရှင်တယောက်လည်း ဖြစ်ပါတယ်။ သမ္မတအိုဘားမားကတော့ ဆင်းရဲမွဲတေမှုနဲ့ ရောဂါတိုက်ဖျက်ရေးကို အားထုတ်လုပ်ဆောင်နေတဲ့ ကမ္ဘာ့ဘဏ်အတွက် Mr. Kim ရဲ့အရည်အချင်းဟာ အင်မတန်အရေးပါတယ်လို့ပြောပါတယ်။
အသက် ၅ နှစ်သား အရွယ်ကတည်းက မိသားစုနဲ့အတူ အမေရိကန်မှာ အခြေချနေထိုင်ခဲ့တဲ့ Mr. Kim ဟာ Iowa ပြည်နယ်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ သူဟာ အမေရိကန်က အထင်ကရ တက္ကသိုလ်တခုဖြစ်တဲ့ Dartmouth College ရဲ့အကြီးအကဲတာဝန်ကို ၂၀၀၉ ခုနှစ်ထဲက တာဝန်ယူခဲ့ပါတယ်ရှင်။