သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ကျသူတွေရဲ့ ကိုယ်ခန္ဓာနဲ့ အစားထိုးကုသမှု တရုတ်ဖျက်သိမ်းမည်


တရုတ်နိုင်ငံမှာ သေဒဏ်ချခံထားရတဲ့ အကျဉ်းသားတွေဆီက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုယူပြီး အစားထိုးကုသတဲ့နေရာမှာ အသုံးပြုနေတဲ့ အငြင်းပွားစရာ ဆောင်ရွက်မှုကို နောင် ၃ နှစ်ကနေ ၅ နှစ်အတွင်း ပယ်ဖျက်ပါမယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

ဆယ်စုနှစ်နဲ့ချီထဲက တရုတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ အကျဉ်းသားတွေရဲ့ကိုယ်အစိတ်အပိုင်းတွေကို ယူသုံးတဲ့စနစ်နေရာမှာ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းတဲ့စနစ်ကို နိုင်ငံမှာ အစားထိုးပြီး အစားထိုး ခွဲစိတ်ကုသမှုအတွက် အကျဉ်းသားတွေဆီက ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ယူသုံးစရာမလိုအောင် လုပ်မယ်လို့ ကျန်းမာရေးဒု-ဝန်ကြီး ဝှိုင်း ဂျေးဖု (Huang Jiefu) ရဲ့ အပြောကို ရှင်ဟွာသတင်းထဲမှာ ကိုးကားဖော်ပြထားပါတယ်။

တရုတ်မှာ အကျဉ်းသားတွေရဲ့ ကိုယ်ခန္ဓာတွေကို ထုတ်ယူအသုံးပြုနေမှုအတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခုနှစ်ပိုင်းတွေထဲမှာ ပိုပြီးရှိလာပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက ကိုယ်ခန္ဓာအစိတ်အပိုင်း လိုအပ်ချက်ကို ပြည့်မီအောင်လို့ တရုတ် တရားရုံးတွေက သေဒဏ်ပေးမှုတွေ များလာတယ်ဆိုတဲ့ လူသိများတဲ့ စွပ်စွဲမှုတွေလဲ ပေါ်ထွက်ခဲ့ပါတယ်။ နိုင်ငံခြားက လူချမ်းသာတယောက်ကိုရောင်းဖို့ ဘာသာတရား ကိုင်းရှိုင်းတဲ့ အကျဉ်းသားတွေကို ကွပ်မျက်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထုတ်ယူခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ၂၀၀၆ ခုနှစ်တုန်းက အမေရိကန် Congress ကော်မတီတခုရဲ့ ကြားနာပွဲမှာ ထွက်ဆိုသွားခဲ့ကြပါတယ်။

၂၀၀၁ ခုနှစ်တုန်းကလည်း တရုတ်ဆရာဝန်တစ်ယောက်က အမေရိကန်လွှတ်တော် အမတ်တွေကို ပြောကြားခဲ့တာမှာ အရေပြား အစားထိုးကုသဖို့အတွက် သူဟာ အကျဉ်းသား ၁၀၀ ကျော်ရဲ့ အရေပြားတွေကို ခွာယူခဲ့ရကြောင်း တချို့ဆိုရင် အသက်တောင် မထွက်ကြသေးတဲ့အကျဉ်းသားတွေ ပါတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီလို စွပ်စွဲမှုတွေကို တရုတ်အစိုးရက အစဉ်တစိုက် ငြင်းဆန်နေပြီး အဲဒီလို ထွက်ဆိုခဲ့တဲ့ ဆရာဝန်ဟာ နိုင်ငံရေးခိုလှုံခွင့်ရအောင် လိမ်ညာပြောတာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG