မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာက သတိပေးတားမြစ်နေတဲ့ ကြားထဲက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး မကြာသေးခင် မိနစ်ပိုင်းအတွင်းကပဲ သုံးဆင့်ပစ် ဒုံးပျံကို လွှတ်တင်လိုက်ပြီလို့ သတင်းတွေ ထွက်နေပါတယ်။
မြောက်ကိုရီးယားအစိုးရက သောကြာနေ့မနက်ပိုင်းမှာ လုပ်ခဲ့တဲ့ ဒီ လွှတ်တင်မှုဟာ ဂြိုဟ်တုတစ်ခုကို ဂြိုဟ်ပတ်လမ်းကြောင်းထဲ ငြိမ်းငြိမ်းချမ်းချမ်း လွှတ်တင်တာသာဖြစ်တယ်လို့ ဆက်ပြောနေပါတယ်။
ဒါပေမယ့် အမေရိကန်အစိုးရနဲ့ သူ့ရဲ့မဟာမိတ် အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ဘက်ကတော့ မြောက်ကိုရီးယား ဒေသစံတော်ချိန် ၇ နာရီ ၃၉ မိနစ်မှာ လွှတ်တင်ခဲ့တဲ့ ဒီလွှတ်တင်မှုဟာ ပဲ့ထိန်း ဒုံးကျည် စွမ်းပကားကို စမ်းသပ်ဖို့ ပုံဖျက်ပြီးလုပ်တာသာ ဖြစ်တယ်လို့ သံသယရှိနေကြပါတယ်။
G-8 ခေါ် ကမ္ဘာ့ထိပ်သီး စက်မှု ၈ နိုင်ငံက ဝါရှင်တန်မြို့တော်မှာ ကြာသာပတေးနေ့က ဆွေးနွေးကြရာမှာတော့ ဒီ လွှတ်တင်မှုကို မြောက်ကိုရီးယားအနေနဲ့ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြောက်ကိုရီးယားအနေနဲ့ ဒီဒုံးပျံလွှတ်တင်မှုကို ဆက်လုပ်သွားမယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်ကနေ နောက်ထပ် အရေးယူမှုတွေ လုပ်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။