သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်မှု နိုင်ငံတကာရှုတ်ချ


မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှု မအောင်မမြင် ပျက်ကျခဲ့ပေမယ့် ဒီလို ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကရော နိုင်ငံတကာ ခေါင်းဆောင်အများအပြားကပါ ရှုတ်ချပစ်တင်လိုက်ပါတယ်။ မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ ဒုံးပျံဟာ လွှတ်ပြီးပြီးချင်း တစ်မိနစ် အတွင်းမှာပဲ ပင်လယ်ထဲကို ထိုးကျသွားခဲ့တာပါ။

မြောက်ကိုရီးယားအစိုးရသတင်းဌာနကတော့ ဒုံးပျံက အပိုင်းပိုင်းကွဲပြတ်သွားတာမို့ ကမ္ဘာပတ်လမ်းထဲ မသွားရောက်နိုင်ဘူးလို့ ဆိုပါတယ်။ သူတို့လွှတ်တင်တာဟာ မိုးလေဝသတိုင်းထွာရေး ဂြိုဟ်တုလို့လည်း ပြောပါတယ်။

နိုင်ငံတကာကတော့ မြောက်ကိုရီးယားမှာ စစ်လက်နက်ထိပ်ဖူး တပ်ဆင်လို့ရတဲ့ တာဝေးပစ်ဒုံးကျည်ကို မိုးလေဝသဂြိုဟ်တုတွေလို လွယ်လွယ်ကူကူ ပစ်လွှတ်လို့ရအောင် အခုလို စမ်းသပ်ပစ်လွှတ်တာလို့ ယုံကြည်ကြပါတယ်။

အဆင့်သုံးဆင့် ပစ်လွှတ်ရတဲ့ ရော့ကက်ဒုံးပျံဟာ ပဏာမအဆင့်မှာတင် ချို့ယွင်းမှုရှိပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျက်ကျတဲ့အပိုင်းအစတွေက မြေပြင်ကို မထိသလို နိုင်ငံတကာရေပြင်ပိုင်နက် ပင်လယ် အတွင်းမှာ သွားလာနေတဲ့ သင်္ဘောအများအပြားကိုလည်း မထိဘဲ ပင်လယ်ဝါထဲမှာ ထိုးကျခဲ့တာပါ။

ဒီသီတင်းပတ်ထဲမှာ မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မယ့်နေရာကို နိုင်ငံတကာသတင်းထောက်တွေ သွားရောက်ခွင့် ရခဲ့ပေမယ့် အခုလို ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်ပြီး သေသေချာချာ သိခွင့်မပေးသလို ပစ်လွှတ်ပြီးနောက်မှာလည်း ဘာမှ တိတိကျကျမသိရဘူးလို့ ပြုံယမ်းမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံတကာက တညီတညွတ်တည်း ဆုံးဖြတ်ထားချက်ကို ဆန့်ကျငလိုက်တာဖြစ်ပြီး ကုလသမ္မဂဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ကုလသမ္မဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသလို အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း မြောက်ကိုရီးယားရဲ့ အခုလုပ်ရပ်ဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအတွက် စားနပ်ရိက္ခာ ထောက်ထပ်ပို့ပေးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ ပြောကြားပါတယ်။

XS
SM
MD
LG