သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျမ်းကျိန်လွှာ စကားလုံးအပြောင်းအလဲ ကြံ့ခိုင်ရေးအမတ် အများစု မလိုလား


NLD အမျိူးသားဒီ်မိုကရေစီအဖွဲ့ချုပ်က ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ်ပြင်ဆင်နိုင်ရေးကိစ္စကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် အများစုကတော့ မပြောင်းလဲရေးဘက်ကိုသာ စိတ်ဝင်စားနေကြတယ်လို့ ကြံ့ခိုင် ဖ့ွံဖြိုးရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောလိုက်ပါတယ်၊ ဒါ့အပြင် လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ထပ်မံ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီရဲ့ ကိစ္စ ကို လွှတ်တော်အမတ်တချို့ ဆွေးနွေးဖို့လည်း ရှိပါတယ်၊ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ထဲ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာနဲ့ NLD ကိစ္စအပေါ် လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ သဘောထားတွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊

လွှတ်တော်မတက်ခင် ကိုယ်စားလှယ်တွေ ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ်ပြင်ဆင်နိုင်ရေး အတွက် ကြိူးစား နေတာမို့ မနေ့ကတည်းက ပြန်စနေပြီ ဖြစ်တဲ့ လွှတ်တော်တွေကို NLD ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ကြသေး ပါဘူး၊ ဒီကနေ့ ဧပြီလ ၂၄ ရက်မှာ လွှတ်တော် နှစ်ရပ် ပေါင်းပြီး ပြည်ထောင်စု လွှတ်တော် ခေါ်ယူ ကျင်းပ ခဲ့ပါတယ်၊ လွှတ်တော်အမတ်တွေ စုံညီတွေ့ကြတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ အမတ်အများစုရဲ့ သဘောထားကတော့ ကျမ်းကျိန် စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ် ပြောင်းလဲရေး စိတ်မဝင်စားကြဘူးလို့ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေက ပြောပါတယ်။

- အားလုံးကတော့ စိတ်ဝင်စားပါတယ်။ စိတ်ဝင်စားတယ်ဆိုတာက ကျနော်တို့က မပြောင်းလဲဖို့ စိတ်ဝင်စားတာပါ။ ကျနော်တို့ သဘောထားကတော့ ကမ္ဘာ့လွှတ်တော်အသီးသီးက ကျန်းကျိန်တဲ့စာတွေ ရှိတယ်လေ၊ အဲဒီစာတွေမှာ အားလုံးက ခု ကျနော်တို့ရဲ့ စာတွေက အဲဒီ ကမ္ဘာ့လွှတ်တော်တွေက အတိုင်းပါပဲ။ ကျနော်တို့က အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ရမယ်ပေါ့၊ ကမ္ဘာအရပ်ရပ်က လွှတ်တော်တွေက စာတွေအတိုင်း ဖြည့်ထားတာပဲ ဖြစ်ပါ တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဇယား (၄)ကို ပြင်ဆင်နိုင်ဖို့ ကိစ္စကို လာမယ့် ဧပြီလ ၂၆ ရက် ကြာသပတေးနေ့မှာ ထပ်မံ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့ ရှိပါတယ်။

- အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ကြာသပတေးနေ့ကျရင် ဆွေးနွေးမယ့်လူတွေ ရှိပါတယ်။ ချင်းကိုယ်စားလှယ်တွေ နာမည်ပေးထားတယ်လို့ ကြားတယ်။

ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေက ပြောပြခဲ့တာပါရှင်၊ ခုကိစ္စကို လွှတ်တော် အတွင်း ဆွေးနွေးညှိနှိုင်းလာဖို့အတွက် တိုင်းရင်းသားပါတီတချို့ကြားမှာလည်း စတင် ညှိနှိုင်း ဆောင်ရွက် တာတွေ လုပ်နေ ပြီလို့ အမျိူးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကလည်း ပြောပါတယ်၊

- လွှတ်တော်မှာအတိုင်း မဟုတ်ရင်တောင်မှ မနေ့ညက ကျနော်တို့ တိုင်းရင်းသားပါတီတွေ စုံစုံညီညီ စုစည်းပြီး ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဒီမှာလည်း ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်တော်တော်များများ နဲ့လည်း ကျနော်တို့ တွေ့ဆုံကြတယ်။ တခြားတသီးပုဂ္ဂလအမတ်တွေနဲ့လည်း တွေ့ဆုံကြတယ်။ ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတဲ့ ထွက်လမ်းလေးပေါ့နော်။ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက မှန်မှဖြစ်တော့မှာ မို့လို့ ကျနော်တို့ ပျော့ပျော့ပျောင်းပျောင်း ညင်ညင်သာသာ ဖြစ်ရအောင် လမ်းရှာနေပါတယ်။ တွေ့စပြုပြီလို့ မှတ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒေကို ပြုပြင်ပေးရမယ့်ကိစ္စဟာ အင်မတန်မှ all inclusive ဖြစ်မှပဲ ပုဒ်မလေးကို စကားရပ်ကို အစားထိုးနိုင်မှပေါ့။ အဲဒါကြောင့် ညီညွတ်ဖို့ လိုပါတယ်။ ခုနလို Majority ဖြစ်တဲ့ ပါတီဝင်ထုက လွှတ်တော်အမတ်ထုက သဘောထား ကြီးစွာ အမြင်ကျယ်စွာနဲ့ လက်ကမ်းကြိုဆိုတာ မျိုးဖြစ်အောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးစားရမယ့် အပိုင်းလည်း ရှိပါတယ်။

အမျိူးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ပါ၊ NLD ပါတီက အခုတောင်းဆိုထားဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမှာမို့ ဒါဟာ ပြည်ထောင်စုလွှတ်တော်အပေါ်မှာသာ မူတည်နေ ပါတယ်၊ ပြည်ထောင်စု လွှတ်တော် အမတ် ၂၀% က NLD ကိစ္စကို ဆွေးနွေးဖို့ အဆို တင်သွင်း ရင် ပြည်ထောင်စုလွှတ်တော်က လက်ခံရမှာ ဖြစ်ပြီး အဆုံးအဖြတ် ကတော့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံရမှာ ဖြစ်တယ်လို့ ပြည်သူလွှတ်တော် ဥပဒေရေးရာ ကော်မရှင်က ဥပဒေပညာရှင် ဦးသန်းမောင်က ရှင်းပြပါတယ်။

- အဓိကပြောရမယ်ဆိုရင်တော့ ဥပဒေပြုအာဏာက ပြည်ထောင်စုလွှတ်တော်မှာသာ ရှိပါတယ်။ ဥပဒေကို ပြဋ္ဌာန်း တာကလည်း ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတာပါ။ ဆုံးဖြတ်တာလည်း ပြည်ထောင်စုလွှတ်တော်ကပဲ ဆုံးဖြတ် တာပါ။ ဒီတော့ အခြေခံဥပဒေကို ၇၅% က ပြင်လိုက်တယ်ဆိုတာနဲ့တင် ဒီကိစ္စက မပြီးပါဘူး။ ခုနပြောတဲ့ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသားလွှတ်တော် ဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေတွေမှာပါ သက်ဆိုင်ရာ တူညီတဲ့ ဥပဒေ ပုဒ်မ အလိုက် ပြင်ရပါမယ်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်က ဥပဒေပညာရှင် ဦးသန်းမောင် ရဲ့ သုံးသပ်ချက်ပါ၊

ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းဝေးမှာတော့ သမ္မတရဲ့ သဝဏ်လွှာနဲ့ အတူ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ၃လပတ် အစီရင်ခံစာ များ ပေးပို့ခြင်း ကိစ္စ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ် ပြောင်းလဲရေး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ လစဉ် ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားနေခြင်း ကိစ္စ နဲ့ အတူ အငြိမ်းစား ဝန်ထမ်းများ ပင်စင် တိုးမြှင့်ခြင်း ကိစ္စတွေလည်း ပါဝင်သလို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းဖို့ ကိစ္စတွေကို အစီရင်ခံစာ ဖတ်တာတွေ မှတ်တမ်းတင်တာတွေ လုပ်ခဲ့ပါတယ်၊

ဒါ့အပြင် လွှတ်တော်နှစ်ရပ်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံ ခုံရုံးက ဆုံးဖြတ်ချက် ချထားတာကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီ က ပြန်လည် လေ့လာ ဆန်းစစ် ထားတဲ့ အစီရင်ခံစာတွေကိုလည်း ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အတွင်းမှာ ဆွေးနွေး ဖတ်ကြားခဲ့ကြ ပါတယ်။

XS
SM
MD
LG