သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ရုံနဲ့ မလုံလောက်


မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အပစ်အခတ် ရပ်စဲရုံနဲ့ မလုံလောက်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ တိုင်းရင်းသားအရေး ဖြေရှင်းရာမှာ တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိရမှာ ဖြစ်သလို၊ လက်နက်ကိုင် နှိမ်နင်း မနေဘဲ နိုင်ငံရေးအရ ဖြေရှင်းရလိမ့်မယ်လို့လည်း အမေရိကန် စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းမှာ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကပြောလိုက်တာပါ။

အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ကမကထလုပ် ကျင်းပတဲ့ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနား အတွင်း ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကတဆင့် တိုက်ရိုက် ဗွီဒီယို မိန့်ခွန်း ပြောဆိုရာ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ မေးခွန်းထုတ်ခဲ့တဲ့အပေါ် မပြေလည်နိုင်သေးပဲ ဖြစ်နေရတဲ့ တိုင်းရင်းသား အရေးကိစ္စကို အလေးထား ဖြေကြားသွားတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က စလို့ အစိုးရသစ် တရပ်တက်လာပြီးနောက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်ဆိုပြီး မြန်မာအစိုးရက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးမှုတွေ လုပ်နေပေမဲ့ အပြီးသတ် ပြေလည်မှုတွေ မရနိုင်ဘဲ ဖြစ်နေရတာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အဓိက အခြေစိုက် လှုပ်ရှားနေကြတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ဆိုရင်လည်း တိုက်ပွဲတွေဟာ အခုအချိန်အထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG